မကြောက်နဲ့... မငိုနဲ့... စိတ်အေးအေးထား... နည်းလမ်းရှိမှာပဲ... နည်းလမ်းရှိလိမ့်မယ်...

ရှန့်ချောင် မျက်ဝန်းတို့ ပိတ်လိုက်သည်။

ကားမှာ ဆက်လက်မောင်းနှင်နေဆဲဖြစ်ပြီး ဘေးဖက်ဆီမှ ဖြတ်သန်းသွားသည့် သင်္ဘောဥဩဆွဲသံအား ကြားလိုက်ရသည်။ သူမက တိတ်ဆိတ်လွန်း၍ထင်၊ သူမဘေးရှိ လူနှစ်ယောက်မှာ သူမအား ချုပ်နှောင်ထားသည်ကို အနည်းငယ် လျော့ရဲသွားသည်။

ရှန့်ချောင်က ရုတ်တရက် အားသုံးလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။

'Fearless' ဇာတ်လမ်းတွဲ ရိုက်ကူးနေချိန်တွင် သူမက ရိုက်ကွင်းပေါ်တွင် အထူးစုံထောက်တပ်ဖွဲ့ထံမှ တိုက်ခိုက်နည်းစနစ်များအား သုံးလကြာ သင်ယူခဲ့သည်။ နေ့စဉ်နေ့တိုင်း လေ့ကျင့်မှုကြောင့် သူမလက်ရော ခြေထောက်ပါ အနာတရဖြစ်ခဲ့ပေမယ့် နောက်ဆုံးတွင် ထိုနည်းစနစ်များအား ကျွမ်းကျင်သွာ တတ်မြောက်ခဲ့ပြီး လူတစ်ယောက်၏ အားနည်းချက်နှင့် မည်ကဲ့သို့သော လှုပ်ရှားမှုမျိုး ပြုလုပ်ရမည်မှန်း နားလည်သည်။

ထိုလူနှစ်ယောက်မှာ နားထင်နှင့် လည်ဇလုတ်နေရာအား တံတောင်ဆစ်ဖြင့် အရိုက်ခံလိုက်ရကာ အငိုက်မိသွားသည်။ ရှန့်ချောင်က သူမခေါင်းပေါ်မှ အဝတ်အိတ်က ဆွဲချွတ်လိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို ရှေ့တိုးသွားကာ ဒရိုင်ဘာလက်ထဲမှ စတီယာတိုင်ကို ဆွဲလှည့်သည်။

သူတို့ အသက်မသေလိုမှန်း သူမ လောင်းရဲသည်။

ဒရိုင်ဘာမှာ အံ့အားသင့်သွားကာ ဒေါသတကြီး ကျိန်ဆဲလာသည်။ အနောက်ဘက်ရှိ လူနှစ်ယောက်မှာ သူမ ဘာလုပ်နေသည်ကို ခန့်မှန်းမိသွားပြီး ပြန်လည်ဖမ်းချုပ်နိုင်ရန် ကြိုးပမ်းသည်။ ရှန့်ချောင်က စတီယာတိုင်အား မြဲမြံစွာ ကိုင်စွဲပြီးဖြစ်ကာ လွှတ်ပေးဖို့ ငြင်းဆိုသည်။ ထိုသူနှစ်ယောက်က ရှန့်ချောင်အား အားသုံး၍ ပြန်ဆွဲလာသည်။ ကားမှာ ရုတ်ချည်း ယိမ်းထိုးသွားသည်။ ဒရိုင်ဘာက ဘရိတ်ဆောင့်နင်းလာသည်။

နားစူးလောက်ဖွယ် အသံကျယ်ကျယ်မြည်ဟိန်းပြီးနောက် ကျယ်လောင်သည့် ထိခတ်သံအား ကြားရကာ ကားက မြစ်ကမ်းဘေးအကာအရံအား ဝင်တိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now