ဟော့ရှီး ပြုံးလိုက်ရင်း သူမလက်ကို ပြန်ဆွဲယူကာ တံခါးဖွင့်လိုက်သည်။

မီးပျက်သွားပြီးနောက် ဓါတ်လှေကားပါ စက်ရပ်သွားသည်။ သူက အရေးပေါ် ထွက်ပေါက်တံခါးအား တွန်းဖွင့်ကာ လှေကားအတိုင်း ဦးဆောင်ခေါ်လာသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းတွင် လူသူကင်းမဲ့နေသည့် ကော်ရစ်တာထဲ ခြေသံတို့ ပဲ့တင်ထပ်လျက်ရှိသည်။ သို့ရာတွင် ရှန့်ချောင် အနည်းငယ်မျှပင် ကြောက်စိတ်ဝင်ခြင်းမရှိ။

သူက သူမလက်ကို ဆွဲကိုင်ထားကာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူမကြောက်ရွံ့မည်မဟုတ်။

အိမ်ရာဝန်းအတွင်းသို့ ရောက်လျှင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲလျက်ရှိကာ လမ်းမီးတိုင်အားလုံး ပြတ်တောက်လျက်ရှိပြီး ပန်းခင်းအတွင်းရှိ အရေးပေါ် မီးလုံးများသာ မှိန်ပျပျလင်းလျက်ရှိသည်။ လူသူကင်းမဲ့လျက်ရှိပြီး သူမတို့နှစ်ဦးတည်းသာ မြက်ခင်းဘေး ခပ်ဖြည်းဖြည်း လမ်းလျှောက်နေသည်။

ရှန့်ချောင်မှာ စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး သူမဦးနှောက်သည်လည်း ယခုတင်မှ အလုပ်ပြန်စလုပ်ခြင်းဖြစ်သည်။ ဟော့ရှီးကား စကားတစ်ခွန်းမဆို၊ သူမလက်ကို ကိုင်ကာ မြက်ခင်းမှ ကျောက်လမ်းရှိရာဆီ ထိုမှတဆင့် တံတားအနားထိ လမ်းလျှောက်သည်။

နွေည၏ လေပြည်ညှင်း၊ ကောင်းကင်ထက်မှ လစန္ဒာ၊ ကန်ငယ်အတွင်းရှိ ရေပြင်၊ အရာအားလုံးမှာ နေရာတကျ။

အချိန်အတော်ကြာသည်အထိ လမ်းလျှောက်ပြီးမှ သူမဦးနှောက် ကောင်းမွန်စွာ အလုပ်လုပ်လာနိုင်ပြီး ရှန့်ချောင်က ခပ်မြန်မြန်မေးမြန်းသည်။

"ဟော့ရှီး ရှင့်လေယာဉ်ချိန်ကို ပြန်ပြောင်းပြီးပြီလား?"

သူက သူမလက်ဖဝါးကို သူ့လက်ချောင်းတို့ဖြင့် ဖွဖွပွတ်သပ်ရင်း

"အင်း၊ ဒီနေ့ည ၁၂နာရီကို ပြန်ပြောင်းထားတယ်"

ဟော့ရှီးမှာ တဖက်မှ သင်တန်းဆရာနှင့် ချိန်းဆိုထားနှင့်ပြီးဖြစ်ကာ ၁၂နာရီမှာ သူ နောက်ဆုံးထားရွှေ့ဆိုင်းနိုင်သည့် အချိန်ဖြစ်သည်။ ရှန့်ချောင် ခပ်မြန်မြန်ပင် ဖုန်းထုတ်ကာ အချိန်ကို ကြည့်လိုက်သည်။ အချိန်ကား ကိုးနာရီ။ သူမမှာ သူ့ထက်ပင် ပို၍ စိတ်လောနေသေးသည်။

GTKWF (Myanmar Translation )Where stories live. Discover now