ဒါရိုက်တာမှာ ယခုချိန်တွင် ပြဿနာအရင်းအမြစ်ကို နားလည်သွားလေပြီ။ ရှန့်ချောင် ဖိအားဒဏ်ခံနေရမည်ကို စိုးရိမ်တာမို့ ဒါရိုက်တာက သူမအား နှစ်သိမ့်စကားဆိုသည်။

"အမျိုးသားဇာတ်ကောင်နဲ့ အမျိုးသမီးဇာတ်ကောင် ထိပ်တိုက်တွေ့တယ်လို့ပဲ သဘောထား၊ တဖြည်းဖြည်းချင်း ရင်းနှီးအောင်လုပ်၊ မလောနဲ့၊ အကြိမ်ရေနည်းနည်းလောက် စမ်းပြီး စိတ်အခြေအနေကို ပြင်ဆင်ကြည့်"

ရှန့်ချောင် ခေါင်းညိတ်ကာ အဆင်သင့်ဖြစ်နေပြီးဖြစ်သည့် ဟော့ရှီးထံ လှမ်းကြည့်ပြီး တိတ်တိတ်လေး လက်သီးဆုပ်ကာ အားတင်းလိုက်သည်။

Clapperboard ရိုက်ခတ်သံ ဖျောင်းခနဲ မြည်လာ၏။

နှစ်ဦးစလုံး ချက်ချင်းပင် နေရာယူကာ ရိုက်ကူးရေးစတင်သည်။ ရှန့်ချောင် သူ့အား လက်ဖြင့် ရိုက်ချိန်တွင် ဒါရိုက်တာမှ 'ကဒ်' ဟု အော်လာသည်။

"လက်အနေအထားက အရမ်းကာလွန်းအားကြီးတယ်၊ ကြည့်မကောင်းဘူး၊ ထပ်လုပ်ရအောင်"

ရိုက်ကွင်းအဖွဲ့သားများ တွေးတောနေသည်မှာ သည်တစ်ခေါက်လည်း သွားပြီဟူ၍။ ဒါက နောက်ထပ်တကြိမ် NG အမြောက်အများထွက်သည့် အခေါက်ဖြစ်နေမလား?

ဒုတိယအကြိမ်သရုပ်ဆောင်ခြင်းမှာ လျောလျောရှူရှူ ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု မည်သူမှ မမျှော်မှန်းထားခဲ့ပေ။

အလွန်အမင်း ဒေါသထွက်နေသော်လည်း ချုပ်ထိန်းထားခဲ့ရပြီး နောက်ဆုံးတွင် ထိန်းချုပ်မထားနိုင်တော့ပဲ အရိုးရှင်းဆုံးနည်းလမ်းဖြင့် ဒေါသထုတ်ဖော်လာမှုကို ရှန့်ချောင်က တချိန်ထဲမှာပင် သရုပ်ဆောင်ပြနိုင်သွားသည်။

ဒါရိုက်တာက ရုတ်တရက်ပြုံးလိုက်ပြီး

"မဆိုးဘူး၊ မဆိုးဘူး၊ ဒီတိုင်း ဆက်သွား!"

ဟော့ရှီး မြေကြီးပေါ်မှ ထရပ်ကာ ပြုံးလိုက်ပြီး ခပ်တိုးတိုးဆိုသည်။

"သရုပ်ဆောင်တာ ကောင်းတယ်"

ဒီတမနက်ခင်းလုံး တင်းကြပ်နေခဲ့ရသည့် သူမ၏ စိတ်အစဉ်မှာ နောက်ဆုံးတွင် အနည်းငယ် ဖြေလျော့သွား၏။ ထပ်လာသည့်ဇာတ်ဝင်ခန်းများမှာ တစ်ကြိမ်၊ နှစ်ကြိမ်ရိုက်ရုံမျှဖြင့် အပြီးသတ်လိုက်နိုင်သည်။

GTKWF (Myanmar Translation )Where stories live. Discover now