ဖန်းကျီ၏ ဇာတ်ကောင်မှာ ရှန်ရွှမ်နွီဖြစ်သည်။ ရှန့်ချောင်က အနီးနားရှိ နန်းတွင်းအစေခံကို လှမ်းတားကာ ရှန်ရွှမ်နွီ၏ နန်းဆောင် တည်နေရာကို မေးမြန်းပြီးနောက် ထိုနေရာသို့ ဦးတည်သည်။ သို့သော် ဖန်းကျီကား နန်းဆောင်တွင် မရှိ။ နန်းဆောင်တွင်းရှိ အစေခံက ဆိုလာသည်မှာ

"အရှင်မ ပြောတာက မက်မွန်ပင်သွားရှာမယ် ပြောသွားတယ်"

ရှန့်ချောင် - "ဒီနန်းတော်ထဲ မက်မွန်ပင် ဘယ်မှာရှိလဲ မင်းသိလား?"

"မိဖုရားနန်းဆောင်ဝင်းထဲမှာ တစ်ပင်ရှိတယ်"

နှစ်ဦးသားက မိဖုရားနန်းဆောင်တွင်း ခေါက်တုံ့ခေါက်ပြန်လျှောက်လာပေမဲ့ မက်မွန်ပင်ကို မတွေ့ခဲ့ချေ။ သူတို့ တစ်ခုခုများ လစ်လျူရှုမိသလား?

နှစ်ယောက်စလုံး ကွေ့လင်နန်းဆောင်ဆီ ဦးတည်လိုက်သည်။ ခရီးတဝက်တွင် လေပြင်းများ မြေပြင်ပေါ် ထပ်မံတိုက်ခတ်လာပြီး မက်မွန်ပွင့်များက နန်းဆောင်နံရံများအနှံ့ ပေါ်ပေါက်လာသည်။

ဒီတကြိမ်တွင်တော့ ရှန့်ချောင် ထိတ်လန့်တကြား ရပ်တန့်သွားသည်မျိုး မဖြစ်တော့ပဲ လမ်းမထက်ရှိ မက်မွန်ပွင့်များကို ဂရုတစိုက်ကြည့်ရှုသည်။

အစပထမပိုင်းတွင် မက်မွန်ပွင့်များ ကျဆင်းလာသည်မှာ ရောက်တက်ရာရာဟု တွေးထင်ခဲ့သော်လည်း ယခု သူမ ဂရုတစိုက် ကြည့်ရှုချိန်တွင်မူ လျို့ဝှက်ချက်တစ်ခုကို ရှာတွေ့လိုက်သည်။

လမ်းမထက်တွင် မက်မွန်ပွင့်များက စက်ဝန်းပုံသဏ္ဍာန် မူမမှန်စွာ ကြွေကျနေပြီး မြေပြင်ပေါ်ရှိ မက်မွန်ပွင့်များနှင့် ရောနှောလျက်ရှိသည်။ ဂရုတစိုက်မကြည့်ရှုလျှင် သတိထားမိမည်ပင် မဟုတ်။

ရှန့်ချောင် အနီးကပ် ကြည့်ရှုရန် ပြင်ချိန်မှာပင် ဖန်းကျီက ထောင့်စွန်းမှ ပေါ်ထွက်လာကာ အံ့အားတကြီးဆိုသည်။

"ငါ နင့်ကို ရှာတွေ့ပြီ! ရှောင်ချောင်! ငါ မက်မွန်ပင်ကို ရှာတွေ့ပြီ!! ကွေ့လင်နန်းဆောင်ရဲ့ ဆင်ဝင်မှာ၊ ညှိုးခြောက်နေတဲ့ အပင်ပဲ၊ မက်မွန်ပွင့်တွေ ကြွေကျမှ မက်မွန်ပင်က အပွင့်ပွင့်တာ!"

GTKWF (Myanmar Translation )Where stories live. Discover now