ဒုတိယအကြိမ် ရိုက်ကူးမှုတွင် ဒါရိုက်တာက နှစ်ယောက်သား ယှဉ်တွဲရိုက်ကူးရန် ညွှန်ကြားလာသည်။ ရှန့်ချောင်က လက်တဖက်တွင် သေနတ်ကိုင်ထားကာ ခပ်စောင်းစောင်းရပ်နေပြီး သေနတ်ပြောင်းဝမှာ ဟော့ရှီးနဖူးနှင့် သုံးစင်တီမီတာအကွာတွင် တည်ရှိသည်။

ဒါရိုက်တာ၏ ညွှန်ကြားချက်အတိုင်း နှစ်ဦးစလုံးက သူတို့အနေအထားကို ချိန်ညှိသည်။ ရှန့်ချောင် လက်ချောင်းတို့ တင်းကြပ်သွားရပြီး အသက်ပြင်းပြင်းရှူကာ လက်ပင့်ပြီး သေနတ်ကို မြှောက်လိုက်၏။ မျက်နှာချင်းဆိုင်ရှိ ဟော့ရှီးမှာ နှုတ်ခမ်းစွန်းတဖက်တွန့်ကွေးလျက် သူမထံ တိတ်တဆိတ် စိုက်ကြည့်နေသည်မှာ သူမကို အထင်အမြင်သေးဟန်၊ လှောင်ရယ်လိုဟန် သို့တည်းမဟုတ် နင့်နင့်နဲနဲနာကျင်ရမှုကို ထိန်းချုပ်ထားရလေဟန်။

ရှန့်ချောင် သေနတ်ကို ဆက်လက်မကိုင်ထားနိုင်တော့ပေ။

ကင်မရာဆရာ - "ရှောင်ချောင်၊ လက်မတုန်နဲ့! အကြည့်မလွှဲနဲ့၊ ဟော့ရှီးကို ကြည့်!"

အကြိမ်ရေအနည်းငယ်မျှ ကြိုစားပြီးသည့်နောက် သူမ လက်မောင်းတို့ လျော့ရဲကျလာသည်။

"လက်ညောင်းသွားပြီလား? လက်ထောက်၊ သူ့လက်ကို နည်းနည်းနှိပ်ပေးလိုက်ဦး"

တင်းကျန်က ခပ်မြန်မြန်ပင် ရှေ့တိုးသွားသည်။

ရှန့်ချောင်က ထိုင်ခုံတွင် ခေါင်းငိုက်စိုက်ကျလျက် ထိုင်နေကာ သူမနှလုံးသားတစ်ခုလုံးမှာ စိတ်အနှောင့်အယှက်ဖြစ်ရလွန်းသဖြင့် သေလုမျောပါး။ ရေပုလင်းတပုလင်းမှာ သူမမျက်စိရှေ့ဆီ ရောက်ရှိလာသည်။

ရှန့်ချောင် မော့ကြည့်ချိန်တွင် သူမရှေ့ ဟော့ရှီးမတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမအကြည့်တို့ ထပ်မံရှောင်ဖယ်လိုက်သည်။ ဟော့ရှီးက ရေပုလင်းအဖုံးကို လှည့်ဖွင့်လိုက်ပြီး သူမရှေ့ ဒူးထောက်ထိုင်ချသည်။

"ငါ့ကို ကြည့်"

ရှန့်ချောင် - "......"

သူမအကြည့်တို့ တဖြည်းဖြည်းရွေ့လျားလာကာ တလက်မဆီ မော့ကြည့်လာရင်း သူ့မျက်ဝန်းတွေထဲ စိုက်ကြည့်သည်။

GTKWF (Myanmar Translation )Where stories live. Discover now