ရှန့်ချောင် သူမကိုယ်သူမ မှန်ထဲတွင် ကြည့်ကာ အနည်းငယ် အနေရခက်စွာဖြင့် ပေ့မင်းဖန်ထံ လှမ်းမေးသည်။

"ကြည့်ကောင်းရဲ့လား?"

ပေ့မင်းဖန် - "ကြည့်ကောင်းတယ်! ဒီအဆောက်အအုံထဲမှာ မင်းအလှဆုံးပဲ!"

ရှန့်ချောင် - "....."

ရိုက်ကူးရေးအစပိုင်းတွင် ဒီကာဗာရိုက်ကူးမှုအပေါ် သူမ အနေရခက်နေကာ သူမ၏ မျက်နှာအမူအရာမှာ ခပ်တောင့်တောင့်ဖြစ်နေ၏။ ကံကောင်းစွာဖြင့်ပင် ဓါတ်ပုံဆရာမှာ အလျင်မလိုပဲ လမ်းညွှန်ချက်အနည်းငယ်ဖြင့် သဘာဝကျကျ ခံစားရစေရန် သူမကို ဦးဆောင်သည်။

ဒီလို စိတ်ရှည်လက်ရှည် သင်ပြပေးသည့် ဓါတ်ပုံဆရာနှင့် ရိုက်ကူးရသည်မှာ ကောင်းမွန်လှ၏။ ရိုက်ကူးရေးပြီးဆုံးချိန်တွင် ရှန့်ချောင်က ဓါတ်ပုံဆရာထံ တကူးတကသွားရောက်ကာ ကျေးဇူးတင်စကားဆိုသည်။ ဓါတ်ပုံဆရာမှာ အသက်သုံးဆယ်တွင်းဖြစ်ပြီး ကြင်ကြင်နာနာပြုံးရင်း ဆိုသည်။

"ရပါတယ်၊ ဒါနဲ့ ရှောင်ချောင် မင်း ငါ့သားအတွက် လက်မှတ်ထိုးပေးလို့ရမလား? သူက မင်းပရိသတ်"

ရှန့်ချောင်က လက်မှတ်ကိစ္စပြန်မဖြေပဲ မေးခွန်းထုတ်သည်။

"ရှင့်သား အသက်ဘယ်လောက်ရှိပြီလဲ? သူ့အတွက် မက်ဆေ့ချ်ပါ ရေးပေးမယ်"

ဓါတ်ပုံဆရာ - "လေးနှစ်ရှိပြီ"

"...."

သူမသည်လည်း အောင်မြင်သည့် ပညာရေးလမ်းကြောင်းဖြစ်ပါစေနှင့် တိုးတက်ပါစေဟု ရေးလိုသည်။ ယခုတော့ 'ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာပါ' ဟုသာ ရေးရတော့မည်။

ခဏအနားယူပြီးနောက် အင်တာဗျူးမည့်အစီအစဉ်ကို အဆင်သင့်ပြင်ဆင်ထားသည်။ စတူဒီယိုနောက်ဘက်ရှိ ကော်ဖီအခန်းငယ်တွင် အင်တာဗျူးမည်ဖြစ်ကာ ကင်မရာကို အဆင်သင့် ပြင်ဆင်ထားပြီး အထူးသတင်းတင်ဆက်သူမှာ ဆိုဖာပေါ် ထိုင်နေပြီး သူတို့ ဝင်လာသည်ကို မြင်သည်နှင့် မတ်တပ်ထကာ နှုတခွန်းဆက်သည်။

ရှန့်ချောင်၏ ခပ်အက်အက်အသံကို နားထောင်ကာ သတင်းထောက်က ဂရုတစိုက် မေးမြန်းသည်။

GTKWF (Myanmar Translation )Unde poveștirile trăiesc. Descoperă acum