၄၃

459 28 2
                                    

Please Dont's share or promote on Any SOCIAL MEDIA PLATFORM.

Unicode

" သွားရမယ်! ငါ့အမိန့်ပဲ! "

"!"

သာမန်အသံ၊ သာမန်ပုံစံနှင့်သာ ပြောသော အစ်ကိုလေးကို သူ မော်မကြည့်ရဲအောင် ကြောက်ရွံ့မိသည်။ ဒါဟာ သခင်နှင့် အစေခံ၏ သဘော သဘာဝမျိုး ဖြစ်ပါလိမ့်မည်။

" မစစ်မိလို့ ငါ့ကလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? နည်းနည်းပါးပါး တွေးမကြည့်ဘူးလား? "

ဦးမြတ် ခေါင်းငုံ့ချလိုက်သည်။ စတီယာရင် ကိုင်ထားသော အစ်ကိုလေး၏ လက်ချောင်းသန်သန်မာမာတို့ကို သူ ခိုးကြည့်သည်။ မွေးလာမည့်ကလေးသည်လည်း အစ်ကိုလေးလို ပုံစံမျိုးလေး ဖြစ်နေနိုင်သည်ဟု တွေးမိတော့ ဂုဏ်ယူသလို၊ ဝမ်းသာကြည်နူးသလိုနှင့်။ ထိုနည်းတူ မဝံ့မရဲ လွန်ဆွဲနေသော စိတ်ကလည်း ရှိသေးသည်။ ဒါပေမဲ့လည်း သူ ထပ်၍ စောဒကမတက်ရဲချေ။ စောဒက တက်ခွင့်လည်းမရှိပေ။

သည်လိုနှင့် သူ စိတ်ဒုန်းဒုန်းချလိုက်သည်။ ထိုအခါမှ အိမ်ပြန်လမ်းကို လွှဲမောင်းတော့မည့် အစ်ကိုလေး၏ လက်တစ်ဖက်သည် တုန်ခါလာသော ဖုန်းကိုဖွင့် နားကြပ်တပ်ပြီး

" ဘာလဲ? "

"...."

ဖုန်းထဲက အသံကို မကြားရသော်လည်း အစ်ကိုလေး၏ မျက်နှာပေါ် အရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်ကို ဦးမြတ် အကဲခတ်မိသည်။

" သိပြီ။ ချက်ချင်း ပြန်လာခဲ့မယ်။ "

ချက်ချင်းဆိုသလို ကားကို အိမ်ပြန်လမ်းဆီ ပြန်ကွေ့သော အစ်ကိုလေးကြောင့် သူ အံ့ဩမိသလို စိတ်သက်သာရာလည်း ရသွားသည်။ အနည်းဆုံးတော့ လူသိရှင်ကြားမဖြစ်တော့ဘူးဟူ၍။

_______________________

" ဂေါ့ဒရစ်? "

သွင်ကိုနှင့် ဦးမြတ်က အိမ်တံခါးဝတွင်သာ ရှိသေးသည်။ မျက်နှာစိမ်းဧည့်သည်ကိုမြင်သောအခါ သွင်ကို က အနည်းငယ် အံ့ဩဟန်နှင့် ခေါ်မည်သည်။ ထိုဧည့်သည်၏ ဘေးနားတွင် ခရီးဆောင်အိတ်အများအပြားရယ်၊ နောက်ထပ် ဆေးပုလင်းချိတ်ပြီး သတိမေ့နေသော လူနာရယ်ကို တွေ့ရသည်။

Boundless (OC)Where stories live. Discover now