1.2K 79 1
                                    

Uni

တွေ့ခဲ့ရသည့်သူတွေလိုပဲ အစ်ကိုလေးလည်း သူ့ကို အထူးအဆန်းနှင့် စက်ဆုပ်သွားမလား ဦးမြတ်မတွေးကြည့်ရဲ။ သည်လိုအချိန်မျိုးတွင် ရင့်ကျက်နေသော လူတစ်ယောက်အဖြစ် သူ ရင်ဆိုင်ရမည့်အရာသည် တစ်ခုတည်း။ သွင်ကို့ထံမှတစ်ဆင့် အက်စတာ၊ ထိုမှနေ၍ နားပေါင်းများစွာဆီ သူ၏အကြောင်း ပျံ့နှံ့သွားနိုင်ချေများ၏။ ထို့အပြင် သူဟာ အစ်ကိုလေး၏ အမုန်းခံဖြစ်နေ၍ ထိုထက် ပိုဆိုးချင်လည်းဆိုးမည်။

သည်လိုဆို သူဌေးအပေါ် သူ အလုပ်ကျွေးဆက်လက် ပြုလို့မရတော့ပေ။ မည်သူ့ပါးစပ်ကိုမျှ မပိတ်နိုင်သည့်အခါ လူသူမမြင်ခင် ထွက်သွားဖို့သာ ရှိတော့သည်။

"ဖယ်ပါတော့ အစ်ကိုလေး။"

ထိုအခါ ဟက်ခနဲ ရယ်သံတစ်ချက်သာ ကြားရပြီး ဦးမြတ်အား လွှတ်မပေးချေ။ သို့ဖြစ်ရာ ဦးမြတ် မျက်လုံးတွေ အသာမှိတ်၍ ပြောဖို့ အားယူပြီးမှ

" အစ်ကိုလေး ကျွန်တော့်ကို တကယ်မုန်းရင် အခုလို မလုပ်သင့်ဘူး။ ပြီးတော့ အစ်ကိုလေးတို့အိမ် မရောက်ခင် ကျွန်တော်လုပ်ခဲ့တဲ့အလုပ်က "

" အင်း ... ထင်သားပဲ။ မင်းပုံကိုကြည့်ရုံနဲ့ ဘာအလုပ် လုပ်စားခဲ့မှန်း သိသာတယ်။"

ဦးမြတ် ပါးစပ်ပိတ်သွားသည်။ ငယ်ငယ်ကတည်းက ဉာဏ်ကောင်းသော အစ်ကိုလေးကို သူ အပြည့်အစုံရှင်းပြစရာပင် မလို။ ခေါင်းညိတ်ပြလိုက်ကာ

" အဲဒါကြောင့် အရင်နေခဲ့တဲ့နေရာကိုလည်း ပြန်သွားလို့မရဘူး။ တကယ်လို့ အစ်ကိုလေးလွှတ်ပေးရင် ဘယ်သူမှ ရှာမတွေ့တဲ့နေရာကို သွားပါ့မယ်။ "

" မင်း အသက်ရှင်နေသရွေ့ အမြဲတမ်း ပုန်းနေလို့မရဘူး ဦးမြတ်။ ဒါကို ငါ့ထက် အသက်ကြီးတဲ့မင်းက ကောင်းကောင်းသိမှာပဲ။ ဘယ်သူ့ကိုမှ ရှာမတွေ့စေချင်ရင် မင်းကိုယ်မင်း သတ်သေလိုက်။ "

ဦးမြတ် တွေခနဲ။

"ကိုယ့်ကိုယ်ကိုရော မရွံဘူးလား? မသန့်ရှင်းဘူးလို့ မခံစားမိဘူးလား? လူတကာနဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တဲ့ အဲဒီခန္ဓာကိုယ်ကိုရော? အစကတည်းက ကိုယ့်နေရာ ကိုယ်သိခဲ့သင့်တယ်။ ဟင်း.... ဟိုဘိုးတော်လည်း အတိအကျပါမှာပဲ။"

Boundless (OC)Where stories live. Discover now