Part 20

217 30 10
                                    

ကားမောင်းနေရင်းမှ တုန်ရင်နေသည့် သူ့လက်တွေ။ Steering wheel ကို ကိုင်ထားသော
လက်ဖဝါးမှ ချွေးစေးတို့မှာလည်း မနည်းမနော။

ရင်ခုန်သံတွေလည်း မြန်နေပြီး အလျင်စလို
ဖြစ်နေသော စိတ်ကိုလည်း အစိုးမရတော့ပေ။
မီးပွိုင့်တွေကိုလည်း ကျော်မိမလို ခဏခဏ
ဖြစ်ပြီး သူ့စိတ်က ကသစ်ဆီကို အမြန်ရောက်ချင်
နေ၏။မီးနီမိနေသော ကားတန်းကြီးကို ကြည့်ကာ
မျက်လုံးစုံမှိတ်လို့ ကိုယ့်စိတ်ကို ဖြေလျော့
ရသည်။သူ့နားထဲ ကြားယောင်နေသည့် ရွှေရေးနောင်၏ အသံတစ်ချို့ကလည်း ပဲ့တင်ထပ်လျှက်။

"ဦးလေး။အင်း...ခင်ဗျားကို အဲ့လိုခေါ်ရမှာ
မကြိုက်ပေမဲ့ သွေးသားက တော်စပ်နေတော့လည်း မတတ်နိုင်ဘူး။တစ်ကယ်ဆို ဦးလေးက ကိုယ့်မှာ တူတစ်ယောက်လုံး ရှိတာတောင် မသိခဲ့ဘူးလေ"

အေးစက်ပြီး လေသံ အနိမ့်အမြင့်မရှိသော
ရွှေရေးနောင်၏ စကားတွေက သူ့နားထဲ
ဗုံးတစ်လုံးလို ပေါက်ကွဲနေသည်။အဲ့ကောင်လေးကို မိုးထက်ညံ၏ အစ်ကိုအဖြစ်၊သျှားစုတ်၏
သူငယ်ချင်းအဖြစ်ကလွဲပြီး သူသိခဲ့တာ မရှိ။

အခုတော့ ဘယ်လိုလုပ်ပြီး သင်ဇာ့ရဲ့ သားကြီး
လာဖြစ်နေရတာလဲ။

"တစ်နေ့လောက်တွေ့ပြီးမှ အကြောင်းစုံ ပြောကြ
တာပေါ့ ဦးလေး။အခုတော့ ကျွန်တော် ပြန်လိုက်
ဦးမယ်။ပြီးတော့ ကျွန်တော့် ညီမလေး ကသစ်ကို
ပြန်ခေါ်မယ်ဆိုတာလည်း ဦးလေးကို အသိလာ
ပေးတာ"

ထိုစကားသည် သင်္ဂါ့ခေါင်းကို ဆယ်ပေါင်တူနှင့်
ထုလိုက်သည့်အလားပင်။ရွှေရေးနောင်က
ငယ်ငယ်ကလို အဝလွန်ပြီး မျက်နှာငယ်လေးနဲ့
ကြည့်တတ်တဲ့ ကလေးလေး မဟုတ်တော့သလို၊
သူ့ဆီမှာ မကောင်းတဲ့ အငွေ့အသက်တွေ ရနေ
တတ်၏။အဲ့လိုလူဆီ ကသစ်ကို ဘယ်လိုမှ
မထည့်ပေးလိုက်နိုင်။

ရွှေရေးနောင် ပြန်သွားပြီးသည်နှင့် သင်္ဂါလည်း
ကားထုတ်ကာ ကသစ်ဆီ ပြေးမိသည်။သူ့ထက်
အရင် ရွှေရေးနောင်ရောက်သွားပြီး သူ့သမီးကို
ဆွဲခေါ်သွားရင် ဘယ်လို လုပ်ရပါ့။

ကသစ်တို့ တိုက်ခန်းဆီ ရောက်တော့ သူ တံခါး
ဘဲလ်ကို အလောတကြီး နှိပ်နေမိသည်။သို့ပေမဲ့ အထဲမှ ဘာသံမှ မတုန့်ပြန်လာ။သူ့လက်ချောင်းတွေ ကျိုးတော့မတတ် နှိပ်နေပေမဲ့ တုံ့ပြန်မှု
မရှိတာကြောင့် စိုးရိမ်စိတ်က ပိုလာ၏။

Total Where stories live. Discover now