Part 10

219 31 0
                                    

ဒီနေ့ အိမ်ထမင်းဝိုင်းလေးက သာမန်ထက်ပိုပြီး
ပြည့်စုံနေ၏။မေထက်ကိုယ်တိုင် လက်စွမ်းပြ
ထားတာဖြစ်ပြီး အိမ်အကူဖြစ်သည့် ဒေါ်တင်က
ဘေးမှ ဝင်ကူပေးခဲ့ရုံသာ။

အစကတော့ အိမ်မှုကိစ္စတွေကို မေထက်က
ကိုယ့်ခြေ၊ကိုယ့်လက်နှင့်သာ လုပ်ခဲ့သည်။
သျှား နိုင်ငံခြား ထွက်သွားပြီး နောက်ပိုင်းမှာ
မေထက် ‌နောက်ထပ်ကိုယ်ဝန်ကို လွယ်ထားရ
သလို ဖွားနွယ်ကလည်း သျှားစိတ်နှင့် ကျန်းမာရေး သိပ်မကောင်းခဲ့။ထို့ကြောင့်
အိမ်အကူအဖြစ် ဒေါ်တင်ကို ငှားခဲ့ပြီး ယခုဆို
‌ထို‌အဒေါ်ကြီးသည် မေထက်တို့အိမ်မှာ နေတာ ခြောက်နှစ် နီးပါး ရှိနေပြီ ဖြစ်၏။

"သျှား။သားက ပုစွန်အရမ်းကြိုက်တာ မေမေ
သိလို့ ဈေးကနေ ပုစွန်ထုပ်ကြီးတွေ ဝယ်လာတယ်။လတ်ဆတ်နေရောပဲ"

ခရမ်းချဉ်သီးအနှစ်နှင့် ချက်ထားသည့် ပုစွန်ကို
သျှားပန်းကန်ထဲ လှမ်းထည့်ပေးလာသည့်
မေထက်။သျှားက ပန်းကန်ကို မကာ  မေထက်
အရှေ့တိုးပေးလိုက်ပြီး ဟင်းလက်ခံလိုက်၏။
စားပွဲရှည်ကြီး၏ ထိပ်ဆုံးမှာ ထိုင်နေသူ ဖွားနွယ်
ကတော့ သျှားကို ကြည့်မဝ ဖြစ်နေသေးပုံပင်။

အခုထိ မျက်နှာမလွှဲ။

"လွှားကိုလည်း ထည့်ပေး"

အသံပုစိလေးသည် သျှားနံဘေးမှ ထွက်ပေါ်
လာခဲ့ခြင်း။မေထက်က ပြုံးရင်းမှ ဟင်းကို
ခပ်ကာ လွှားဆီ လှမ်းထည့်ပေးမယ် ပြင်တော့
ကောင်ငယ်လေးသည် သျှားလုပ်သည့် ပုံစံ
အတိုင်း သူ့ပန်းကန်လေးကို မကာ ဟင်းကို
လက်ခံသည်။

အတတ်မြန်လွန်းသည့် လွှားကို ကြည့်ရင်း
အားလုံးက သဘောတကျ ရယ်နေကြသည်။
သျှားတစ်ယောက်တည်းသာ လွှားကို ငိုင်ငိုင်ကြီး
ငေးနေမိပြီး တုံ့ပြန်မှု မရှိ။

သူ ပြန်ရောက်တာ နှစ်ရက်ပင် ရှိသေးသည်။
သို့ပေမဲ့ လွှားထွဋ်မာန်က အားလုံးကို ပိုင်ဆိုင်
ထားနှင့်ပြီဆိုတာ သျှားနားလည် လိုက်၏။

မေမေက ပြောသည်။'လွှားက သျှားငယ်ငယ်က
အတိုင်းပဲ'တဲ့။

မေမေ့မျက်လုံးထဲမှာ စကားနားထောင်ပြီး
အမှားမလုပ်သေးသည့် အရာရာတိုင်းက ချစ်ဖို့
ကောင်းနေမှာ အသေအချာပင်။ပြစ်မှုတစ်ခု
တွေ့တာနှင့် ပြီးပြည့်စုံဖူးသော ဂုဏ်ပုဒ်များကို
ရေစုန်မျောပစ်တတ်သည့် အမျိုးသမီးပင်
ဖြစ်သည်။

Total Where stories live. Discover now