အခုလို အဆင်မပြေတဲ့နေရာကြီးကို ရွေးထိုင်လိုက်ရင် ကြူးတစ်ယောက် စိတ်တိုပြီး ကျွန်တော်ကြားချင်နေတဲ့ စကားတစ်ခုခု ပြောလာမလားအထင်နဲ့ လုပ်ချင်တာလုပ်ခဲ့ပြီးမှ ကြူးကလည်း ဘာမှပြောမလာတဲ့အပြင် အရှိန်နဲ့မောင်းလာတဲ့ ကားတစ်စီးနောက်က ဖုန်လုံးတွေကိုမြင်ပြီး ကျွန်တော်တို့ နှစ်ယောက်စလုံး ထပြေးရသည်သာ အဖက်တင်၏။
နောက်ဆုံး​ကျတော့ နေရာမှန်ကိုပဲ ပြန်ရောက်သွားခဲ့တယ် ဆိုပါတော့...။

"လုပ်ချင်တာလုပ်ရတော့ ပျော်လား။"

"ပျော်ချင်လို့ လုပ်နေတာ မဟုတ်ဘူး။"

လဘ္ဘက်ရည်ခွက်ဆီ ခပ်ပြုံးပြုံး စိုက်ငေးနေတဲ့
ကြူးရဲ့မျက်နှာကို ကျွန်တော် မလွတ်တမ်း ကြည့်နေမိရင်း နောက်ဆက်တွဲ စကားများကို ပြောသင့်၊မပြောသင့် ချင့်ချိန်နေမိသည်။ ပြောသင့်၊မပြောသင့်ဆိုတာထက် မေးသင့်၊မမေးသင့်ပေါ့။

မင်းလည်း ငါ့လိုခံစားချက်ဖြစ်နေတာကြာပြီလား။

မနေ့ညကအနမ်းက ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကို သေချာမတွေးဘဲ ပေးခဲ့တဲ့အနမ်းလား။

တကယ်လို့...ငါသာ မင်း ထင်နေသလိုမျိုး
မဟုတ်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

ငါတို့တွေ သူငယ်ချင်းဆက်မလုပ်တော့ရုံပေါ့လို့တွေးပြီး အဲ့ဒီအတွေးကို ခပ်လွယ်လွယ်ပဲ လက်ခံနိုင်တာလား။

ဒီအနမ်းက ငါတို့အတူဖြတ်သန်းခဲ့တဲ့အချိန်တွေကို
တစ်ခဏလေးမှာပဲ ပျက်စီးသွားစေနိုင်တယ်လို့ မတွေးခဲ့ဘူးလား။

"တစ်နေ...အများကြီးမတွေးပါနဲ့။"

အကြာကြီး ငြိမ်နေပြီးတော့မှ ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းပေါ်သို့ ကြူးရောက်လာသည်။ ကျွန်တော် အတွေးများနေတာကို သူသိသားပဲ။ သေချာတာပေါ့
ဥာဏ်ကောင်းတဲ့ တက်သစ်ကြူးက တောင်းတနေ
တွေးနေသမျှကို လွယ်လွယ်ကူကူသိနိုင်ပြီး အဲ့ဒီလို သိနေခဲ့တာကိုလည်း သူမသိပါဘူးလို့ ဟန်ဆောင်နေခဲ့တာ ဘယ်တုန်းကတည်းကများလဲ....။

"မင်းဆိုရင်ရော မတွေးဘဲနေနိုင်မလား။"

"မင်းထက် ပိုဆိုးခဲ့တာပေါ့။ မှားသွားမှာကိုလည်း
ကြောက်ရသေးတယ်။ အခုက ငါမမှားဘူးမလား။"

ကြူး(KYUU)Where stories live. Discover now