လေပြေနုနုလေးက တိုက်ခတ်လို့နေသည်။ ရေစီးသံသဲ့သဲ့ကိုလည်းကြားရသည်။ မြက်ခင်းစိမ်းစိမ်းမှာ လှဲချရင်း ကောင်းကင်ပြာပြာကြီးကိုငေးကြည့်သည်။ နေရောင်ခြည်နုနုက မျက်နှာပေါ်ကိုဖြတ်ပြေးလို့။ နီးကပ်စွာတည်ရှိသော တစ်ဖက်ကရနံ့သင်းသင်းဟာလည်း မွှေးထုံလျက်။
ဘေးချင်းယှဉ်လျက်ဖြစ်သော လက်ချောင်းလေးတွေဟာလည်း တစ်ဖက်နှင့်ထိကပ်နေကာ နူးညံ့မှုကိုခံစားလို့နေရသည်။ ဆည်းဆာရဲ့အောက်မှာ အရာအားလုံးဟာလှပလို့နေသည်။
ဒီလိုညနေခင်းတွေကို သူသိပ်သဘောကျသည်။ အထူးသဖြင့် အစ်မနဲ့အတူတူရှိသည့်အချိန်တွေဖြစ်နေတာကြောင့်လည်းပါလိမ့်မည်။
ဘေးကိုခေါင်းစောင်းကြည့်လိုက်တော့ သူ့ကိုငဲ့စောင်းကြည့်နေသော အစ်မကိုတွေ့ရသည်။ အပြုံးလှလှဟာရင်ခုန်ချင်စရာကောင်းသည်။ ဘာမှလိမ်းချယ်ထားခြင်းမရှိသည့် မျက်နှာလှလှလေးဟာလည်း ဆည်းဆာနေရောင်ခြည်အောက်မှာတောက်ပလို့။ ထူထဲဖြောင့်တန်းနေသော မျက်ခုံးတွေနဲ့ ရှည်လျားပြီးကော့နေသောမျက်တောင်ရှည်ရှည်တွေကိုအနီးကပ်တွေ့နေရသည်။
"တော်သေးတာပေါ့ အစ်မက ပူတူးတို့မေမေကို ပြောင်းရတော့မယ်ထင်နေတာ"
"ကံကောင်းသွားတာပါ.. ကြည့်ရတာ ပူတူးကို အစ်မနဲ့မခွဲစေချင်ဘူးနဲ့တူပါရဲ့"
"ကလေးလေးဟာ စကားတွေသိပ်တတ်တယ်"
အစ်မရဲ့ရယ်သံလေးတွေဟာ တကယ်ကို နူးနူးညံ့ညံ့။ နှစ်လိုပျော်ဝင်ခြင်းများစွာနဲ့ သူကတော့ အမြဲတမ်းလိုလို ငေးကြည့်မိဆဲ။ နားထောင်မိဆဲ။
ကံကောင်းသည်ဟုဆိုရမည်။ မေမေကရာထူးတိုးပါတော့ တခြားဒေသကိုပြောင်းရတော့မည်ဟုထင်ကာ အစ်မနဲ့ခွဲခွါရမည့်အရေးကို ကြောက်လန့်ပြီးရက်ပေါင်းများစွာ ငိုယိုခဲ့တာကို ဘုရားသခင်ကြားသွားသည်ထင်သည်။ မေမေက ဒီနယ်မြို့လေးရဲ့ဆေးရုံအုပ်အဖြစ်ရာထူးတိုးခဲ့လေသည်။ ဆရာဝန်နည်းပါးတာကြောင့် မပြောင်းရွေ့ရပဲ ဒီမှာပဲ ဆက်နေရသည်။ ပြောင်းတော့ပြောင်းရတာပေါ့လေ။ ဆေးရုံအနောက်တံခါး တောင်ဖက်ဘေးကအိမ်ကလေးကနေ သံဃာဆေးရုံမြောက်ဖက်မှာရှိသော ဆေးရုံအုပ်တွေနေသည့်အိမ်ကိုပြောင်းရသည်လေ။
YOU ARE READING
အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေး
Romanceအစ်မသည် အဝါရောင်လေးဖြစ်သည်။ အစ်မသည် ပျော်ရွှင်မှုရဲ့သင်္ကေတဖြစ်သလို နွေးထွေးမှုတစ်စိတ်တစ်ပိုင်းလဲဖြစ်သည်။ တိမ်ဆိုင်တွေလို နူးညံ့ပြီး ကောင်းကင်ပေါ်မှာတည်ရှိသော အဝါရောင်ပျော်ရွှင်မှုလေးသည် အစ်မဖြစ်သည်။