အခန်း ၁၃။ အဝါရောင်တွေကအလှဆုံးပါ

2.6K 430 29
                                    

ဒီကာလအတောအတွင်းမှာ သူဟာ တတိယလူအဖြစ်နှင့် ဘာရယ်မဟုတ်ပါဘဲ အစ်မနှင့်ငယ်သူငယ်ချင်းရဲ့ကြားမှာ အလိုလိုပါနေမိသည်။ ငယ်သူငယ်ချင်းဖုန်းဆက်တဲ့အခါ သူ့ကိုသွားတွေ့ခဲ့သလို အစ်မကိုလည်း မကြာခဏတွေ့နေမိခဲ့သည်။

ရင်းနှီးသည်ဟုဆိုရလေမလား သာမန်ပါပဲဟုပြောရလေမလားမသိသည့် ဆက်ဆံရေးမျိုးဟာ သူနဲ့အစ်မကြားမှာ နားမလည်စွာဘဲ ပေါ်ပေါက်လာသည်။
ထိုအရာဟာ သူတို့နှစ်ယောက်အတူတူ မြို့ရှောင်လမ်းမှာ လမ်းအတူတူလျှောက်မိရာကပဲစလေသလား သူလည်းသေချာမပြောပြတတ်ပါ။

သို့သော်လည်း အစ်မနှင့်အနီးဆုံးရှိသည့်အချိန်တွေတိုင်းမှာ အစ်မကိုငေးနေရသည့် အချိန်တွေဟာ ငယ်ဘဝရဲ့အိပ်မက်တွေကို တစ်ခါပြန်ရလိုက်သလိုမျိုး ခံစားရသည်။
စကားတွေအများကြီးပြောကြခြင်းမရှိသလို အတူတူတွဲလျှောက်လိုက်တိုင်း တိတ်ဆိတ်တိုးတိတ်စွာပင်။

ထင်းရှူးတောကိုသွားသည်။ တောင်နေကြာတွေကို သွားကြည့်သည်။ ကန်တော်ကြီးတစ်ခုလုံးကို တစ်ပတ်ပတ်သည်။ အစ်မကိုငေးကြည့်သည် ပြီးတော့ တိတ်ဆိတ်စွာပဲ လမ်းခွဲကြသည်။ မနက်ဖြန်တွေ့ကြမည်ဟုနှုတ်ဆက်စကားတွေမပြောဖြစ်ခဲ့ကြဘူး။

ဒီကာလတွေမှာ ငယ်သူငယ်ချင်းဖြစ်သူထက် သူဟာ အစ်မနှင့်ပို၍အတူရှိချိန်များနေသည်။ တစ်ခုခုတော့ထူးဆန်းနေပေမဲ့လို့ ဒီလိုမျိုးကိုသူမသိလိုက်မသိဘာသာနှင့်သဘောကျစွာ တိုးတိတ်နေခဲ့သည်။

စားပွဲပေါ်မှာချထားသော မေမြို့ကော်ဖီဘူးထဲက ကော်ဖီရနံ့ဟာ သင်းပျံ့လို့နေသည်။ ကော်ဖီကြိုက်သောငယ်သူငယ်ချင်းက မေမြို့ကော်ဖီကိုစွဲလန်းနှစ်သက်နေသလို သူကတော့ ကော်ဖီရနံ့ကိုသဘောကျပေမဲ့ လုံးဝမသောက်တတ်တာတော့အမှန်။

အစ်မရှေ့က ကော်ဖီဘူးဟာလည်း ငယ်သူငယ်ချင်းနဲ့ဆင်တူဖြစ်နေပေမဲ့လို့ ဘူးမဖွင့်ရသေးသလို သောက်လည်းမသောက်။ ဒီကာလတွေအတောအတွင်း အစ်မနှင့်ငယ်သူငယ်ချင်းတို့ အဆင်ပြေနေသည်ဟု ထင်ရသော်လည်း ဒုတိယအကြိမ်မြောက် အေးစက်နေသည့်အစ်မရဲ့မျက်နှာကိုတွေ့လိုက်ရတော့ သူအလိုလိုဝမ်းနည်းလာသလို ငယ်သူငယ်ချင်းဖြစ်သူကိုမကျေမနပ်ဖြစ်မိသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now