Extra-3

3.3K 470 116
                                    

အဲ့ဒီတုန်းကပေါ့.. အဲ့ဒီအချိန်တုန်းကပေါ့.. လွတ်လပ်လှတဲ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုလို့ဆိုရမလို ပျော်ရွှင်မှုတွေရဲ့ တစိတ်တပိုင်းဟာလည်း ဒီနယ်မြို့လေးမှာအခြေခံခဲ့တယ်။ အပူအပင်တွေအကြောင်း သိပ်မတွေးခဲ့သလို ညနေခင်းတွေဟာ စက်ဘီစီးရင်းဖြစ်ဖြစ် လမ်းလျှောက်ရင်းဖြစ်ဖြစ် ထပ်တူကျနေတဲ့ခြေလှမ်းတွေနဲ့အတူပျော်ခဲ့ရတယ်။

စက်ဘီးစီးကြရင်း လေပြည်တွေဝှေ့လို့ ဆံနွယ်တွေလွင့်တဲ့အခါ ခေါင်းလျှော်ရည်နံ့လေးကမွှေးတယ်လို့ အမြဲပြောတတ်သည့် ကလေးဟာ ကျွန်မရဲ့အနားမှာ အရိပ်တစ်ခုလို ပါမြဲ။ ပျင်းရိလာလို့ဆေးရောင်စုံတွေခြယ်မိပြန်တော့လည်း ဘေးနားကနေညီးတွားခြင်းမရှိဘဲထိုင်ပေးသူဟာ ကလေးပါပဲ။

လျှို့ဝှက်ချက်တွေ၊ မျက်ရည်တွေ ပျော်ရွှင်ရခြင်းတွေ အားလုံးကို ဒီအချိန်တိုကာလလေးအတွင်းမှာ မျှဝေခဲ့ကြတယ်။ အချိန်အတိုင်းအတာတစ်ခုထိအတူတူရှိကြလိမ့်မယ်လို့ ကျွန်မထင်ခဲ့ပေမဲ့လို့ ခွဲခွါရချိန်ဟာတော့ အဲ့လောက်မြန်မယ်ဆိုတာ ကျွန်မလည်းမသိခဲ့ပါဘူး။

နဂိုကတည်းက အဆင်မပြေကြသည့် အမေနဲ့အဖေရဲ့အက်ကြောင်းဟာ ပိုကြီးမားလာတာကို ကျွန်မသတိထားမိနေခဲ့သည်။ အရင်မြို့ကလေးမှာနေစဉ်ကတော့ အဖေရဲ့အမျိုး၊ အမေ့ရဲ့အမျိုးတွေရဲ့ထိန်းသိမ်းမှုကြောင့် အဲ့လောက်ကြီးမသိသာခဲ့ပေမဲ့ ယခုကြတော့ပိုဆိုးလာခဲ့သည်။

နဂိုဗီဇကြောင့်လား ဒါမှမဟုတ် နေရာတကာသံသယဝင်ပြီး အမြဲတမ်းစွပ်စွဲနေတတ်သည့်အမေ့ရဲ့စိတ်မလုံခြုံမှုတွေက အဖေ့ကိုပြောင်းလဲစေသလား ကျွန်မလည်းသေချာမပြောပြတတ်ပေမဲ့လို့ အဖေရဲ့သတင်းတွေဟာ ခပ်စိပ်စိပ်ကြားလာရသည်။

ရုပ်ရည်ဟာကြည့်ကောင်းလွန်းသလို စကားပြောချိုသာပြီး သဘောကောင်းသည့်ပုံစံကြောင့် ကျောင်းကဆရာ၊ဆရာမတွေကြားမှာ အဖေဟာနာမည်ကြီးသလို တပည့်တွေကြားမှာလည်းနာမည်ကြီးသည်။ ကျွန်မကျောင်းမှာရှိနေစဉ်ကတော့ အဲ့လောက်ကြီးမဟုတ်ပေမဲ့လို့ ကျွန်မတက္ကသိုလ်ရောက်သွားသည့်အခါ သတင်းတွေကပိုကြားရလာသည်။ ကျွန်မမရှိသည့်အချိန်တွေမှာ သူတို့နှစ်ယောက်ပို စကားများကြသလို အမေကလည်းအမြဲတမ်းအဲ့ဒီစိတ်တွေနှင့် စိတ်ဆင်းရဲခဲ့ရသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now