အခန်း ၈။ စာအုပ်ဆိုင်ကရေစက်

2.7K 417 6
                                    

သင်္ကြန်မိုးဟာ တောင်ပေါ်ဒေသကိုမျက်နှာပိုလိုက်သည်ထင်သည်။ မြေပြန့်မှာတော့ ခပ်ဖွဲဖွဲသာရှိပေမဲ့လို့ တောင်ပေါ်ဒေသမှာတော့ သည်းထန်သည်။ ၂၀၁၂ ခုနှစ်ကာလဟာ ယခုကာလများထက်တော့ ရာသီဥတုမှန်သေးသည်။

ညကတည်းကရွာနေသောမိုးဟာမတိတ်သလို မနက်ကျတော့လည်းသည်းမြဲ။ အဆောင်မှာတော့ နှိုးစက်သံကြောင့် မထချင်ထချင်ထရသလောက် အိမ်မှာတော့လာနှိုးမည့်သူကိုမရှိ။

အိပ်ရာနိုးပြီးထလာတော့ အဖေရောအမေရော အိမ်မှာမရှိကြ။ မနက်ဖြန်ဆို သင်္ကြန်ရောက်ပြီဆိုတော့ အဖေကတော့ သူ့ဆိုင်ကပစ္စည်းတွေကို သွားစစ်ဆေးနေတာထင်သည်။ အမေကတော့ ဆေးရုံသွားလေသလား ဆေးခန်းသွားလေသလား သူလည်းသေချာမသိ။

တစ်အိမ်လုံးမှာတစ်ယောက်တည်းဆိုတော့ နည်းနည်းတော့ ပျင်းစရာကောင်းပေမဲ့လို့ သူနေတတ်ပါသည်။ ဒါကငယ်စဉ်ကတည်းက နှစ်ပေါင်းများနေသားကျနေမှုပင်။ အလုပ်များသော အဖေနဲ့အမေ။ သူ့ကိုဂရုစိုက်ပေမဲ့ အလုပ်တွေ မိတ်ဆွေတွေနဲ့ သာနေနေရသော အစ်ကို။ သိပ်တော့မထူးဆန်းတော့ပါ။

မနက်ကိုးနာရီခွဲပြီးနေသောအချိန်မှာ အနီးအနားကစျေးဆိုင်တွေလည်းပိတ်လိုက်ရောမည်။ မိုးရွာနေတော့ပိုဆိုးသည်။ ချက်ထားသည့်ထမင်းကိုလည်းမစားချင်သေး။ ပေါင်မုန့်နှစ်ချပ်ကို ကောက်ဝါးလိုက်ပြီးရေသောက်လိုက်သည်။ နေ့လယ်မှပဲထမင်းစားတော့မည်။

ဝရံတာတံခါးကိုဖွင့်လိုက်တော့ ကြမ်းပြင်ဟာရေစိုနေသည်။ ခြေဖဝါးဆီကခပ်အေးအေးအထိအတွေ့နှင့်အတူ လေအနည်းတိုက်နေသော မိုးကလည်းပက်သည်။ သို့သော်လည်း ဒီလိုလေးကို သူသဘောကျသည်။ အိမ်ဝင်းထဲက ထင်ရှူးပင်တွေနှင့် ယူကလစ်ပင်တွေဟာ မိုးဒဏ်ကို ကြံ့ကြံ့ခံလျက်။ မိုးကြိုပန်းအချို့ကတော့ မိုးရေကြောင့် ပြားပြားဝပ်လို့နေလေပြီ။

မိုးအေးအေးမှာ ကော်ဖီလေးသောက်ကာ အရသာခံလို့ကောင်းသော်လည်း သူကမကြိုက်။ ကော်ဖီ၊ လက်ဖက်ရည်၊ နွားနို့ ဘာဆိုဘာမှမကြိုက်သောသူက နည်းနည်းတော့ထူးဆန်းသည်သူတွေထဲပါသည်။ တစ်ဆက်တည်း သတိရလိုက်တာ အစ်မကလည်းထိုအရာတွေကိုမကြိုက်ဘူးဆိုတာလေ။ သူရယ်လိုက်မိသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now