အခန်း ၅။ သူယောင်မယ်

3.3K 480 19
                                    

ပျောက်သောသူရှာရင်တွေ့ဆိုပေမဲ့လို့ နှစ်အတော်ကြာလိုက်ရှာခဲ့သည့်သူက လိုက်ရှာနေစဉ်မတွေ့ခဲ့ဘဲ လွှဲမှားတဲ့အချိန်မှာမှ ဆုံစည်းကြရတာဟာ ဘယ်လိုကံတရားမျိုးပါလိမ့်။ အစကတည်းက အစ်မနဲ့သူနဲ့ဟာ လွဲချော်နေခဲ့ပြီးသားလား။ မုန်တိုင်းကပြင်းထန်သည်ထင်သည်။ မြန်မာပြည်အလယ်ပိုင်းမြို့တော်ဟာ မိုးသည်းထန်စွာရွာသွန်းနေသလို သူ့ရင်ထဲမှာလည်း အဝါရောင်တွေပျောက်ဆုံးလို့နေသည်။

မိုးမိခဲ့သည့်အကြောင်းပြချက်ကြောင့်လား ဒါမှမဟုတ် ပျော်ရွှင်မှုတွေပျောက်ဆုံးသွားသည့်အတွက်ကြောင့်လား မသိ သူနေမကောင်းအတော်ဖြစ်နေသည်။ ကျောင်းကိုတော့ သူငယ်ချင်းက ဌာနမှူးထံပြောပေးကာခွင့်တိုင်ပေးခဲ့သည်။

သွပ်ပေါ်ကို တဖြောင်းဖြောင်းကျနေတဲ့မိုးသံကိုနားထောင်နေမိသည်။ တစ်ချိန်က ဒီလိုမျိုးလေးပဲ မိုးရွာလာရင် အစ်မရဲ့အိပ်ရာပေါ်တက်ကာ ကွေးရင်း စာလုပ်နေသည့် အစ်မကိုငေးကြည့်ခဲ့ဖူးသည်။

အခုတော့ တစ်ချိန်ကဇာတ်လမ်းသပ်သပ်သာ။

တဒိန်းဒိန်းကိုက်နေသည့်ခေါင်းက ဆေးအရှိန်ရလာတော့ အနည်းငယ်သက်သာလာသည်။ အိပ်ရာထဲကနေထလိုက်ပြီး မနေ့က မရေးဖြစ်ခဲ့သည့် ဒိုင်ယာရီလေးကို ဆွဲဖွင့်လိုက်သည်။ အနက်ရောင်မင်စို ဘောပင်လေးကို ကိုင်လိုက်ပေမဲ့လို့ တကယ်ကြတော့ ရေးစရာပျောက်ဆုံးလို့နေသည်။ ဖြစ်နိုင်ရင် အဲ့ဒီနေ့ရက်စွဲကိုကျော်ပစ်ချင်ခဲ့တာမျိုး။ အဲ့ဒီနေ့ဟာမရှိခဲ့သလိုမျိုးဖြစ်ချင်မိပေမဲ့ နှစ်များစွာခွဲခွါကြပြီး ပထမဆုံးအကြိမ်တွေ့ဆုံမှုပဲ မဟုတ်လား။

ပြတင်းပေါက်မှတစ်ဆင့်မြင်နေရသော မိုးရေစက်တွေကို ငေးကြည့်မိသည်။ ငယ်ငယ်ကမိုးရေထိတိုင်း နေမကောင်းဖြစ်တတ်သည့်သူက တိုက်ဆိုင်စွာမိုးရေနှင့်မတည့်သော အစ်မနဲ့တူနေသည်။ ကျန်းမာရေးကောင်းသော အစ်မကထူးထူးခြားခြား မိုးမိရင်ခေါင်းကိုက်ပြီး နှာစီးတတ်သည်တဲ့လေ။

မိုးရွာတဲ့ရက်တွေမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ကျောင်းမသွားချင်ဘူးဟု ပြိုင်တူညည်းကာ ရယ်ခဲ့ကြတာကိုအမှတ်ရသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now