Extra-2

3.8K 602 93
                                    

နွေဦးရဲ့ရာသီတစ်ခုမှာပေါ့ ကျွန်မတို့မိသားစုဟာ အထက်ပိုင်းဒေသတစ်ခုကနေ အလယ်ပိုင်းကအညာဒေသရဲ့ နယ်မြို့လေးကို ပြောင်းလာခဲ့ကြတာပေါ့။ အမှန်ကတော့ ကျောင်းဆရာဖြစ်သော ဖေဖေက သူ့တာဝန်ပြောင်းရတာလို့ဆိုရမယ်။ သို့သော်လည်း ဖေဖေ့ကို နေရာတကာစိတ်မချသော မေမေကပါ သူ့အလုပ်ကို ဖေဖေရောက်သောမြို့ကိုပြောင်းပေးဖို့ လူကြီးတော်တော်များများမှာ အပူကပ်ခဲ့ရသည်။

တကယ်တမ်းပြောင်းကြရတော့ ကျွန်မတကယ်မပျော်ပေ။ ဒီမြို့ကလေးမှာ ကာလအတော်ကြာနေခဲ့သလို အဖွားဖြစ်သူနှင့်အဒေါ်ဖြစ်သူကိုလည်း မခွဲချင်တာကြောင့် ဒီမှာပဲနေရစ်ဖို့ပြောခဲ့ပေမဲ့လို့ ဖေဖေ့ကိုမယုံသော မေမေက ကျွန်မကိုပါရအောင်ခေါ်ခဲ့လေသည်။ အကြောင်းပြချက်ကတော့ရိုးရှင်းပါသည်။ ကျွန်မရှိနေသည့်အတွက် ဖေဖေက အနည်းဆုံးတော့ ထိန်းထိန်းသိမ်းသိမ်းနေလိမ့်မည်ဟုတွေးလို့ပဲဖြစ်သည်။

လူတစ်ယောက်ရဲ့လုပ်ချင်တာကိုလုပ်သောအကျင့်ကို ဘယ်လိုအရာမျိုးကမှမတားနိုင်ဘူးဆိုတာကိုမေမေ မသိလေရော့လား။ အဖွားနှင့်ဒေါ်လေးကတော့ လက်မြှောက်ထားသည်။ မကြာခဏဆိုသလို သံသယတွေကြောင့် ရန်ဖြစ်စကားများကြသည်။ အဖွားကတော့ အစကတည်းက သူတားခဲ့သည်ကိစ္စကိုလက်မခံသော မေမေ့ကို စိတ်ကုန်နေဟန်တူပါသည်။ ကျွန်မကိုချစ်ပေမဲ့လို့ မေမေ့ကိုတော့ သိပ်အခေါ်အပြောမလုပ်။ ဒေါ်လေးကလည်း သူ့အလုပ်နဲ့သူဖြစ်သည့်အပြင် သံသယများလွန်းသည့်မေမေ့ကြောင့် ကျွန်မတို့အိမ်ကိုတောင် ဖေဖေရှိရင်မလာခဲ့ပေ။

မလိုက်ချင်လိုက်ချင်နှင့်လိုက်ခဲ့ရသော ခရီးသည်ပျော်စရာမကောင်း။ ခါတိုင်းလိုရထားစီးကြမည်ဟုထင်ထားသော်လည်း အိမ်ပြောင်းရတာကြောင့် ပစ္စည်းတွေပါသယ်ပိုးပြီးပို့ရတော့ ကားနှင့်သာသွားရသည်။ ခေါင်းမူးပြီး လမ်းဆိုးလွန်းလို့ စိတ်ပျက်ခဲ့ရသော ခရီးတစ်ခုပင်။

နယ်မြို့လေးကို စရောက်တော့ ကျွန်မလေ့လာကြည့်သလောက် စည်ကားသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းသလို သူ့ဟာသူတော့ကောင်းမွန်သောမြို့လေးပင်။ ဖေဖေ့ရဲ့ကျောင်းဆရာတွေ လိုင်းခန်းမှာမနေချင်သောမေမေက အိမ်လျှောက်တော့ ဆေးရုံဝန်းက အရင်ဓာတ်ခွဲမှူးနေခဲ့သောအိမ်ကိုရသည်။ မိသားစုတစ်ခုလုံးပြောင်းနေကြသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now