အခန်း ၁၄။ အဝါရောင်တွေကိုပြန်လည်ရှာတွေ့ခြင်း

2.9K 671 52
                                    

"အစ်မက အဝါရောင်ကို အရမ်းကြိုက်တာလား"

ပုံဆွဲစာအုပ်မှာ ဆွဲထားသော မူးမြစ်နှင့်မြင်နေရသည့်ရှု့ခင်းကို ခြယ်နေသည့်ဆေးရောင်က အဝါရောင်တွေချည်းသာ။ တခြားခဲတံတွေထက်အဝါရောင်ခဲတံကပို၍တိုနေတော့ သူကြည့်ပြီးမေးလိုက်မိသည်။ အဝါရောင်ရောင်စုံခဲတံကို ကိုင်ထားသော အစ်မရဲ့ လက်ချောင်းလှလှလေးတွေမှာ ညှပ်ထားသောလက်သည်းတွေဟာ တိတိရိရိ။ အရှည်ထားရတာကိုမုန်းတယ်လို့မကြာခဏပြောတတ်သလို ညှပ်ထားသော လက်ကလေးတွေဟာလည်း သန့်ရှင်းလို့နေသည်။

ခဲတံကိုဖိကိုင်ထားသော လက်ချောင်းလေးတွေက ဖိအားကြောင့် နီရဲနေသလို လက်ခုံပေါ်ကမွှေးညှင်းနုနုလေးတွေကအစ ကြည့်လို့ကောင်းသည်။ ခြေချောင်းလေးတွေကိုကြည့်လိုက်ရင်လည်း စီးထားသော ကတ္တီပါနှင့်လိုက်ဖက်စွာ ရှင်းသန့်နေပြီး ရဲနေသောခြေချောင်းထိပ်လေးတွေကိုကြည့်ကာ သူ့ကိုယ်သူနှင့်ယှဉ်မိသည်။

ပုတိုတိုလက်ကလေးတွေနဲ့ လက်သည်းကိုက်တတ်သည့်အကျင့်ကိုမနည်းဖျောက်နေရသော သူအဖို့ကတော့ အစ်မရှေ့မှာလက်ထုတ်ဖို့တောင်ရှက်စရာပင်။ စိမ်းဖန့်နေသောအစ်မအသားအရည်နဲ့ယှဉ်လိုက်ရင်လည်း သူကတော့ တော်တော်ညိုနေသည်ဆိုတာကို မေးစရာပင်မလိုခဲ့ပေ။

မူးမြစ်ဘေးနားကမြက်ခင်းပြင်မှာထိုင်နေတော့ နေရောင်ခြည်နွေးနွေးဟာ သူတို့နှစ်ယောက်လုံးအပေါ်မှာ ဖြန့်ကျက်ထားသလို နွေးထွေးသည်။ ဆောင်းရာသီရဲ့အငွေ့အသက်က မူးမြစ်ရေကိုစမ်းကြည့်လိုက်ရင်တောင် အေးစက်လို့နေသည်။

ခေါင်းလျှော်ပြီးခါစမို့လို့ လေတိုက်လိုက်တိုင်း ဖြန့်ချထားသောအစ်မရဲ့ဆံပင်ရှည်တွေဆီကနေ ခေါင်းလျှော်ရည်ရနံ့ကိုရနေသည်။ ဆေးရောင်ခြယ်နေရင်း လွင့်နေသောဆံနွယ်တွေကို နားအနောက်ကိုမကြာခဏညှပ်နေသော အစ်မရဲ့အပြုအမူဟာ ကြည့်လိုကောင်းနေကာ ပန်းချီကားချပ်တွေလိုလှပလို့နေသည်။

အစ်မရဲ့နားရွက်ဖျားလေးတွေ အနည်းငယ်နီရဲနေသလို ကျော့ရှင်းနေသောလည်တိုင်ကိုလည်း ဆံနွယ်တွေလေလွင့်သွားတိုင်းမြင်တွေ့နေရသည်။ အစ်မက တကယ်ကို နာမည်နှင့်လူနှင့်လိုက်သည်။ အစ်မရဲ့အမေဟာ နာမည်ပေးတတ်လိုက်တာဟု သူတကယ်ချီးကျူးမိသည်။ တကယ်ကို သက်ရှိပန်းချီကားတစ်ချပ်လိုပင်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now