Extra-4

3.4K 430 59
                                    

နဂိုကတည်းက မိသားစုလေးယောက်ပဲရှိသော အိမ်ကလေးဟာ အခုလိုတစ်ယောက်လျော့သွားတော့ ပိုတိတ်ဆိတ်သွားသည်။ မေမေကလည်း များသောအားဖြင့် တရားစခန်းမှာပဲရှိနေတတ်သလို ဖေဖေကလည်း မေမေနဲ့အတူ တရားစခန်းဝင်တဲ့အခါရှိသလို မဝင်သည့်အခါကြတော့လည်း သူ့ဆိုင်လေးနဲ့သူ့မိတ်ဆွေတွေနှင့် ဘဝကို အေးဆေးစွာဖြတ်သန်းလို့။

ညီမလေးရှိတုန်းကလည်း သူကတိတ်ဆိတ်စွာပဲနေတတ်သူမို့လို့ အိမ်ဆည်းလည်းလေးမဟုတ်ခဲ့ပေမဲ့ မိသားစုထမင်းဝိုင်းကတော့ အမြဲတမ်းလူစုံခဲ့သလို စကားများစွာပြောရင်း ဆွေးနွေးစရာတွေတစ်ပုံကြီးပေါ့။ အခုချိန်မှာ အိမ်အကပ်ဆုံးကတော့ ကျွန်တော်ပဲဖြစ်ပါလိမ့်မယ်။

တစ်နေ့တစ်နေ့ ဆိုင်မှာအလုပ်တွေလုပ်လိုက်၊ ဘော်ဒါတွေနဲ့လည်လိုက်ပတ်လိုက်နှင့်ဘဝကြီးကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းနေခဲ့တယ်ဆိုပေမဲ့လို့ လူတွေပြောပြောနေခဲ့သည့်လက်တွဲဖော်ဆိုသော ကိစ္စကိုတော့ ဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးဘူး။

မိန်းမ မယူသေးဘူးလား ဘယ်တော့ယူမှာလဲမေးတဲ့အခါ ခပ်ယဲ့ယဲ့အပြုံးကိုသာတုံ့ပြန်ခဲ့သည်။ သူငယ်ချင်းစနောက် အောင်သွယ်ပေးမှုတွေကို ငြင်းဆန်ခဲ့သလို မသိလိုက်မသိဘာသာနဲ့အချိန်တွေ ကုန်ဆုံးခဲ့ရသည်။

စီးကရက်တွေကိုအမြဲမသောက်ဖြစ်ပေမဲ့လို့ ဒီလိုညတွေဆို ပိုသောက်ဖြစ်သည်။ အိမ်မှာဘယ်သူမှမရှိတဲ့အချိန် အထီးကျန်သလိုခံစားရတာကြောင့်လည်းဖြစ်မည်။ ညီမလေးရဲ့ အခန်းထဲကို တိတ်တဆိတ်ဝင်ကြည့်မိသည်။

သန့်ရှင်းရေးအမြဲတမ်းလုပ်သော အခန်းကသန့်နေသလို ပစ္စည်းပစ္စယတွေဟာလည်း သိမ်းဆည်းထားတော့ရှင်းလင်းလို့နေသည်။ အစီအရီဆင့်ထားသော ပုံးတွေကိုကြည့်လိုက်ရင်း ဖွင့်ကြည့်လိုက်တော့ တူညီသောစာအုပ်တွေကိုတွေ့ရသည်။

သျှင်အမြဲတမ်းရေးလေ့ရှိသည့် ဒိုင်ယာရီတွေပေါ့။ အထူးသဖြင့် အမြတ်တနိုးအသုံးပြုသည့် နာမ်စားလေးဖြစ်သော အစ်မဆိုသည့် ညှို့နိုင်လွန်းနှင့်ပက်သက်သောအကြောင်းတွေပဲဖြစ်ပါလိမ့်မည်။ ဖတ်မကြည့်ဖူးပေမဲ့လို့ တစ်စွန်းတစ်စမြင်ဖူးခဲ့သော စာတွေအရဒါဟာသေချာနေသည်လေ။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now