အခန်း ၂၀။ အရင်းနှီးဆုံး

2.7K 460 38
                                    

တိတ်ဆိတ်ပြီး အထီးကျန်ဆန်လှသည့် ရက်သတ္တပတ် ပိတ်ရက်တွေဟာ အခုချိန်မှာတော့ ပျော်ရွှင်မှုအပိုင်းအစတွေအဖြစ်ကိုပြောင်းလဲသွားသည်။ အစ်မက အလုပ်က မန္တလေးမှာဆိုသော်လည်း ပိတ်ရက်တိုင်း ဒီတောင်မြို့လေးကိုပြန်လာတတ်သလို သူဝယ်ထားသောမြေကွက်လပ်မှာ ဆောက်နေသောအိမ်ကလေးကိုလာကြည့်တတ်သည်။

စနေ၊ တနင်္ဂနွေတွေမှာနေ့ဖို့အတွက် မြို့ထဲမှာအခန်းတစ်ခုငှါးထားသလို သောကြာနေ့ညနေတိုင်းပြန်လာလေ့ရှိသည်။ ပိတ်ရက်တွေတိုင်းမှာ အစ်မကိုတွေ့ရတာဟာ အတိတ်ကိုပြန်ရောက်သွားခဲ့သလိုပင်။ သောကြာနေ့ညနေတိုင်း ရထားစီးပြီးပြန်လာမည့်အစ်မကို ဘူတာကနေကြိုနေမိသလိုမျိုး ယခုအချိန်မှာလည်း သောကြာနေ့ညနေတိုင်း သူမျှော်နေတတ်ခဲ့ပြန်ပြီ။

သို့သော် ထိုမျှော်လင့်ခြင်းများအတွက် တစ်စုံတစ်ယောက်ပါမလာခဲ့လျှင်တော့ပိုကောင်းမည်ဟု သူထင်သည်။ တစ်ခါတစ်ရံ အစ်မနှင့်အတူတူပါလာတတ်သော ငယ့်ကိုမြင်ရသည့်အချိန်တိုင်းမှာ ပျော်ရွှင်ခြင်းကိုမခံစားရသလို ငေးကြည့်နေရုံသာတတ်နိုင်ခဲ့သည့် သူ့အဖြစ်ကိုလည်း မကျေနပ်မိခဲ့ပါ။

ငယ်သူငယ်ချင်းကို သူတကယ်ခင်ပါသည်။ ကျောင်းအတူတူတက်ခဲ့စဉ်ကတည်းက ရိုးသားပွင့်လင်းပြီးသွက်သွက်လက်လက်ရှိသော ငယ့်ကို သူတကယ်အားကျသလို ခင်မင်ပါသည်။ တိတ်ဆိတ်ငြိမ်သက်ပြီး ခပ်အေးအေးနေတတ်သောသူနှင့် သွက်လက်ချက်ချာကာ ပျော်ပျော်နေတတ်နေသော ငယ်တို့ဟာ အထက်တန်းကျောင်းတုန်းကတော့ တကယ်အတွဲညီခဲ့ဖူးသည်။

သို့သော်လည်း အစ်မနှင့်ပက်သက်လာခဲ့လျှင်တော့ အရာအားလုံးဟာအနောက်ကိုရောက်သွားခဲ့သည်။ အစ်မဟာ သူ့အတွက်တော့ ဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရသည့် ဖြစ်တည်မှုမျိုးပင်။

"ဘာလုပ်ကူရမလဲ အစ်မ"

"မလုပ်ပါနဲ့ နှစ်ယောက်လုံးအေးဆေးထိုင်နေ ပြီးပြီပဲဟာကို"

စနေနေ့မနက်ခင်းမှာတော့ မနက်စာလာစားဟုခေါ်သော အစ်မကြောင့် အစ်မရဲ့တိုက်ခန်းကို သူရောက်ဖြစ်သည်။ ငယ်ကိုရောတွေ့လိုက်ရလို့ စိတ်ကသိကအောက်ဖြစ်သွားပေမဲ့လို့ ရင့်ကျက်လာသည့်အရွယ်တွေဟာ ရင်ထဲကခံစားချက်ကိုဖုံးကွယ်ဖို့ ဟန်ဆောင်ကောင်းလာတတ်ကြသည်။ အစ်မပြောခဲ့ဖူးသည့် ကလေးဘဝဟာ အပျော်ရဆုံး ဟန်ဆောင်မှုအကင်းဆုံးနဲ့အလွတ်လပ်ဆုံးအချိန်ဆိုတာ တကယ်ပင်မှန်ပါသည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now