အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ

231 19 0
                                    

စာစဥ် ၅၈ : အပိုင်း ၃

အပိုင်း ၁၁၁၃ : ငါတို့က ဘယ်လိုလုပ်ပြီး မတည်ငြိမ်တဲ့ အင်အားစု ဖြစ်မှာလဲ

မြောင်ရှီးဟောင်က ပြောလိုက်သည်။ "ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ အထဲက ဂိုဏ်းခေါင်းဆောင် နှစ်ဆက် ဖြစ်ကြတဲ့ ထိုက်ရီသူတော်စင်နဲ့ ယန်နန်းလိုင်တို့က အဆုံးစွန် ကွန်ဆာဗေးတစ် ပါတီဝင်တွေ ဖြစ်ကြတယ်… သူတို့နှစ်ယောက်အပြင် နာယက အကြီးအကဲ ကောင်စီဝင် အတွင်းက ဖုယွင်ခုံးလည်း ပါတယ်"

"ဒုတိယ အဖွဲ့ကို ရှေ့ဆောင်လမ်းစဥ် ကွန်ဆာဗေးတစ်တွေလို့ ခေါ်တယ်… သူတို့က ကွန်ဆာဗေးတစ် ပါတီအတွင်းက ရှေ့ဆောင်လမ်းစဥ် ဝါဒကို ကျင့်သုံးကြသူတွေ ဖြစ်ကြတယ်… သူတို့ကို ချင်းရီ သူတော်စင်မယ်က ဦးဆောင်ပြီး သူမရဲ့ တပည့်ဖြစ်တဲ့ ယန်ယွင်ကျန်းအပြင် ယုယွမ် သူတော်စင်မယ်နဲ့ ချင်းနင်သူတော်စင်တို့က ပါကြတယ်"

မြောင်ရှီးဟောင်၏ နှုတ်ခမ်းက အေးစက်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ "ချင်းရီ သူတော်စင်မယ်နဲ့ သူမရဲ့ နောက်လိုက်တွေ အမြင်မှာ ဟင်းလင်းပြင် ဘုရားကျောင်းဟာ လူသား ဧကရာဇ်လိုမျိုး အုပ်ချုပ်သူ မရှိပဲနဲ့လည်း ရပ်တည်နိုင်တယ်"

"ဒါပေမဲ့ သူတို့အနေနဲ့ ဟင်းလင်းပြင် ဘုရားကျောင်းဟာ နတ်ဘုရားနယ်မြေ အတွင်းမှာ အသန်မာဆုံး အင်အားစု ဖြစ်နေရမှာ ဖြစ်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံးရဲ့ အခြေအနေက သူတို့ရဲ့ ထိန်းချုပ်မှု အတွင်းမှာ ရှိနေရမှာ ဖြစ်တယ်"

"တကယ်လို့ မထင်မှတ်တဲ့ ပြောင်းလဲမှု တစ်ခု ပေါ်လာရင် ဟင်းလင်းပြင် ဘုရားကျောင်းက သူတို့ကို အချိန်မီ ကိုင်တွယ်နိုင်ရမှာ ဖြစ်တယ်… သူတို့ရဲ့ အမြင်အရ ဟင်းလင်းပြင် ဘုရားကျောင်းကသာ ယုံကြည်ဖို့ ထိုက်တန်သူ ဖြစ်တယ်"

"ဟင်းလင်းပြင် ဘုရားကျောင်းကသာ လူသားကမ္ဘာကို တရားမျှတမှုတွေကို ဆောင်ကြဥ်းပေးနိုင်ပြီး နတ်ဘုရားနယ်မြေကို ထိန်းချုပ်နိုင်တယ်… သူတို့က တခြား ဘယ်သူ့ကိုမှ မယုံဘူး… တကယ်လို့ ဟင်းလင်းပြင် ဘုရားကျောင်းက ဒီလိုမျိုး စွမ်းအားစုတွေကို မထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်လာရင် သူတို့ကို အရှိန်အဟုန်တွေ သေသွားအောင် နှိပ်ကွပ်ပစ်တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now