အပိုင်း ၁၀၈၉ : ပထမ တိုက်ပွဲအား နိုင်သူသည် စစ်ပွဲကို အနိုင်ရသူ မဟုတ်ပေ

177 20 0
                                    

စာစဥ် ၅၆ : အပိုင်း ၁၉

အပိုင်း ၁၀၈၉ : ပထမ တိုက်ပွဲအား နိုင်သူသည် စစ်ပွဲကို အနိုင်ရသူ မဟုတ်ပေ

ခရမ်းရောင် တိမ်တိုက်များသည် ရှောင်ယန်၏ မျက်လုံးများ အတွင်းမှ ထွက်လာသော အနီရောင် အလင်းတန်းများကို လွှမ်းခြုံလိုက်ကာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သော ဝင်္ကပါအပေါ်သို့ ကျရောက်သွားသည်။

အဖြူရောင် ဖျော့ဖျော့ အလင်းတန်းများဖြင့် လင်းလက်နေသော ဝင်္ကပါသည် ရုတ်တရက်ပင် ခရမ်းရောင် အဖြစ်သို့ ပြောင်းသွားသည်။ ခရမ်းရောင် အလင်းတန်းများ အကြားတွင် အနီရောင် အလင်းတန်း တစ်တန်းပေါ်လာ၍ အနည်းငယ် လှုပ်ရှားခဲ့သော်လည်း မကြာမီပင် ရပ်တန့်သွားသည်။

ခရမ်းရောင် အလင်းတန်းများက ပျံ့နှံ့သွားကာ ဝင်္ကပါ၏ အရွယ်အစားကလည်း ပို၍ပို၍ ကြီးမားလာသည်။ ဝင်္ကပါပုံစံများ ပေါ်လာ၍ တစ်ခုနှင့်တစ်ခု ထပ်သွားကာ အချင်းချင်း ပေါင်းစည်းသွားကြသည်။

ခရမ်းရောင် အလင်းတန်းများက လုံးဝ ငြိမ်သက်သွားသော အခါ ဝင်္ကပါ၏ အလယ်မှ ဟင်းလင်းပြင်က ပွင့်သွား၍ အနီရောင် အလင်းတန်းများက ထိုးတက်လာသည်။ လင်းဖုန်းနှင့် ကျန်သောသူများ၏ အရှေ့တွင် တံခါးတစ်ခု ပွင့်သွားသကဲ့သို့ ဖြစ်သည်။

လင်းဖုန်းသည် ရှောင်ယန်နှင့် ဇူရီတို့ဘက်သို့ လှည့်ကာမေးလိုက်သည်။ "မင်းတို့က ဒီကမ္ဘာ အတွင်းက အဖိုးတန်တဲ့ အရာတွေကို စုဆောင်းပြီးသွားကြပြီလား"

ဇူရီက ပြန်ဖြေလိုက်၏။ "ဟုတ်ကဲ့ပါ ဆရာ… ဒါပေမဲ့ အများကြီးတော့ သိပ်မရှိဘူး"

လင်းဖုန်းက သူ၏ခေါင်းကို ညိတ်လိုက်သည်။ "ဒီလိုဆိုရင်လည်း သွားကြစို့" သူ၏ စကားဆုံးသည်နှင့် သူသည် ပွင့်နေသော တံခါးအတွင်းသို့ ဝင်သွားကာ ရှောင်ယန်နှင့် ဇူရီတို့ကလည်း အနီးကပ် လိုက်ပါလာကြ၏။

သူတို့သည် အရှေ့သို့ ဆက်သွားနေရင်း သူတို့၏ အောက်မှ မြေကြီးသည် သူတို့ ငရဲကမ္ဘာ ပင်လယ် အတွင်းသို့ စတင်ဝင်ရောက်လာစဥ်က အသွင်မဲ့ လမ်းကြောင်းနှင့် တူနေသည်။ အပြင်ဘက်တွင် မရေမတွက်နိုင်သော ကပ်ဘေးများက ဒေါသူပုန် ထနေကြသည်။ သူတို့သည် အရံအတားများကို ကျော်ဖြတ်လာကာ လင်းဖုန်းနှင့် ကျန်သောသူများအား တိုက်ခိုက်လိုက်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၄) UnicodeWhere stories live. Discover now