အခန်း ၁။ လူတစ်ယောက်ကိုဘယ်လောက်ကြာအောင်ချစ်ဖူးသလဲ

16.8K 879 23
                                    

အဝါရောင်တွေ...တစ်စွန်းတစ်စမြင်လိုက်ရရင်တောင်မှ ရင်ခုန်သံတွေကိုလှစ်ခနဲဖြစ်သွားအောင်ပြုစားနိုင်လွန်းသည်။ မပြုံးဘဲမနေနိုင်မိအောင် နှုတ်ခမ်းထောင့်စွန်းတွေဟာ အလိုလိုကွေးတက်သွားရသည်။
ကားမှန်ပြတင်းကနေမြင်နေရသော အဝါရောင်အပိုင်းအစတွေပေါင်းစည်းထားသည့် ပိတောက်ပင်ကြီးသည် နှစ်ပေါင်းများစွာကြာမြင့်နေခဲ့ပြီဖြစ်သော်လည်း သင်္ကြန်မိုးနဲ့ထိတွေ့လိုက်သောအခါ နှစ်လိုဖွယ်အဆင်းရှိသော အဝါရောင်အစိတ်အပိုင်းတွေကို ဖူးပွင့်လို့ပေးသည်။

တရိပ်ရိပ်မြင်လာရသော မြင်ကွင်းတွေသည် ပြောင်းလဲလို့သွားသည်။ ဆယ်စုနှစ်တစ်ခုစီကပုံရိပ်တွေသည် အတွေးထဲ သို့မဟုတ် မှတ်ဉာဏ်အစိတ်အပိုင်းအတွင်းတွင် ပုံရိပ်တစ်ခုအဖြစ်သာကျန်ရှိတော့သည်။

"တအားကို တိုးတက်သွားတာပဲ ကောင်းပါတယ်လေ"

ဘေးနားတွင်ကားမောင်းလျက်ရှိနေသော ကိုကို့၏စကားကို သူခေါင်းညိမ့်ကာ ထောက်ခံခဲ့သည်။ ပြောင်းလဲမှုဟာ တကယ်ကိုများပြားပါသည်။ သီးသီးပင်တွေ၊ ရှားပင်တွေ၊နှင့် အညာဒေသရဲ့အမှတ်ဒေသတစ်ခုလိုဖြစ်နေသော ဆူးပါသည့်ခြုံပုတ်ငယ်တွေပြည့်နှက်လျက်ရှိသော တောမြေကွင်းကြီးသည် ယခုအခါမှာတော့ ခန့်ထည်သော အဆောက်အဦးကို အစားထိုးဖို့ပြင်ဆင်လျက်ရှိသည်။

မြေနီလမ်းလေး၏မပြောင်းလဲမှုနှင့် နှစ်ပရိစ္ဆေတကြာမြင့်လှပြီဖြစ်သော လမ်း၏ဘေးဖက်ရှိကုက္ကိုလ်ပင်ကြီးတွေ၊ မယ်ဇလီပင်တန်းတွေနှင့် တစ်ဖက် ခပ်လှမ်းလှမ်းတွင်တည်ရှိသော ပျဉ်ထောင်ကာ ဝန်ထမ်းအိမ်ရာတွဲရက်အခန်းတွေသာကျန်ရှိတော့သည်။

လမ်းထောင့်မှာတည်ရှိသော စက်ဘီး/ဆိုင်ကယ်ထားရန်ဟူသည့် သွပ်မိုးပျဉ်ထောင်ကာ ခပ်ကျယ်ကျယ်အဆောက်အဦးနေရာသည် ဆယ်စုနှစ်တစ်ခုကြာသည့်အထိမပြောင်းလဲပေ။
အဆောက်အဦးအနောက်က ရေတွင်းပျက်ကြီး၊ ဒန်းပန်းပင်ကြီး၊မြေပြန့်ချယ်ရီဟုခေါ်သော ဖွားဖက်တော်ပန်းတွေ၊ အဝေရာပင်များ၊ ကြီးမားမြင့်မားလွန်းသည့် ကုက္ကိုလ်ပင်ကြီးတွေ၊ အရာအားလုံးသည် အမှတ်တရဟုဆိုသော်လည်း ပြန်စဉ်းစားကြည့်မိလေတိုင်း မှတ်ဉာဏ်ထဲမှာစွဲထင်ကျန်နေသော မပျောက်ပျက်နိုင်သော အစ်မနှင့်ပက်သက်လျက်ရှိသော အဝါရောင်ပျော်ရွှင်မှုတွေဖြစ်သည်။

အစ်မ (သို့မဟုတ်) အဝါရောင်ပျော်ရွှင်မှုလေးWhere stories live. Discover now