(Unicode) Chapter 57: ငါသာရှုံးသွားရင်

4.2K 567 34
                                    

Unicode

အားကစားသမားတွေ နေထိုင်ရာဟိုတယ်သို့ ပြန်သည့်လမ်းတွင် သူမတို့ယှဉ်ပြိုင်ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့စဉ်က သူမ ဒဏ်ရာရတာကို အနီးကပ်ရိုက်ပြခဲ့တာကြောင့် လူတိုင်းသိနေပြီးသားဆို တာကို လင်းမြောင် သိလိုက်ရသည်။

သူမ အတော်လေးအနေခက်နေရသည်။ သူမလက်က အသားပြဲသွားရုံလေးကို လူတိုင်း လက်ပြတ်သွားသည့်အတိုင်း စိုက်ကြည့်နေလေသည်။

ဒီအကြောင်းနှင့်ပတ်သတ်ပြီး ချီးမွှမ်းဆုတောင်းပေးတဲ့စကားတွေ အများကြီးရတဲ့ခါ လင်းမြောင်မျက်နှာလေးက မထိန်းနိုင်မသိမ်းနိုင် နီရဲလာပါတော့သည်။ “အဲ့လောက်လဲမနာပါဘူး၊ နောက်ပြီး ငါရဲ့ပြိုင်ပွဲတွေကိုလည်း ထိခိုက်မှာမဟုတ်ဘူး၊ အရိုးကျိုးသွားတာ ဒါမှမဟုတ် တခြားဆိုးဆိုးဝါးဝါးဖြစ်သွားခဲ့မယ်ဆိုရင် ငါပြိုင်ပွဲကိုသေချာပေါက် ဆက်ကစားလို့ရခဲ့မှာမဟုတ်ဘူးလေ”

ထို့နောက်တွင် လင်းမြောင်အရေးကြီးတာတစ်ခုကို တွေးမိသွား၏။

နည်းပြကြီးကို အမြန်ရှာလိုက်၏။ မိဘတွေထံ ဖုန်းခေါ်ပြီး သူမအဆင်ပြေကြောင်း စိတ်မပူဖို့ ပြောရပေအုန်းမည်။ သူမရဲ့အသင်းဖော်တွေတောင် တိုက်ရိုက်ထုတ်လွှင့်မူကနေ  မတော်တဆဖြစ်တာကိုမြင်ခဲ့လျှင် သူမမိဘတွေသည်လည်း မြင်ပြီးလောက်ပြီဖြစ်ကာ သူမကို စိတ်ပူနေရှာရော့မည်။

သူမရဲ့ဟိုတယ်အခန်းထဲတွင် ကြိုးဖုန်းတစ်လုံးရှိသော်လည်း  အခုတွင် သူမတို့သည် ဘက်စ်ကားပေါ်တွင်သာရှိသေးပြီး ရောက်ဖို့ အချိန်အနည်းငယ်လိုသေးသည်။

ထင်ထားသည့်အတိုင်း လင်းမြောင် ဖုန်းခေါ်လိုက်တော့ ပူပန်နေတဲ့အသံတစ်သံကိုကြားလိုက်ရသည်။

“မေမေ သမီးဘာမှမဖြစ်ဘူး၊ ပွန်းပဲသွားရုံပဲ၊ အရိုးမထိသွားပါဘူး” လင်းမြောင် ပြန်ဖြေလိုက်၏။

ထိုသတင်းကြောင့် စိတ်ပေါ့သွားပြီး လင်းမြောင်အမေက သူမဘယ်အချိန် ပြိုင်ပွဲကနေ ပြန်လာမှာလဲဆိုတာ မေးလာသည်။

သူမကိုလင်းမြောင် ဆက်လက်နှစ်သိမ့်ပေးရင်း အနည်းငယ်ကြာတော့ ဖုန်းချလိုက်တော့၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now