ရှယောင် ကြောက်လန့်နေခဲ့သည်။ သူ့အရင်ဘဝတုန်းက သူ့အမေတုန့်ပြန်ခဲ့သလို တစ်ပုံစံတည်းပြန်တုံ့ပြန်လာမှာကို စိုးရိမ်ပြီး ကြောက်နေမိသည်။ သူကြောက်တာက အဲ့လိုအခြေအနေတွေမှာ သူ့အမေကသူ့ကို ဘယ်တော့မှပြန်ပြောင်းလို့မရနိုင်တော့တဲ့ဆုံးဖြတ်ချက်တွေချမိအောင် ထပ်ပြီး ချောင်ပိတ်ဖမ်းမှာကိုပဲဖြစ်သည်။

ကျို့ဝမ်ဟွာကသူ့လက်ကိုမြှောက်ပြီး ရှယောင်ပခုံးလေးကိုပုတ်လိုက်သည် " မင်းလေယာဉ်ပေါ်ကဆင်းထဲက ရေတောင်မသောက်ရသေးဘူးမလား အခု မင်းအမေကဆေးရုံတက်နေရတာ အခုလိုအချိန်မှာ တကယ်အရေးအကြီးဆုံးက မင်းကိုယ်မင်းဂရုစိုက်ဖို့ပဲ အခုကစပြီး သူ့ကိုဂရုစိုက်ပေးနိုင်မယ့်လူဆိုလို့မင်းပဲရှိတာလေ "

ကျို့ဝမ်ဟွာပြောသည့် စကားက ရှယောင်နှလုံးသားထဲကိုရောက်ရှိသွားသည်။ သူ့အထဲမှာထွက်နေခဲ့တဲ့ဒေါသတွေကို လွှတ်ချလိုက်ပြီး သူ့ခေါင်းကိုမော့လျှက် ကျို့ဝမ်ဟွာကိုအတော်လေးစိုက်ကြည့်နေပြီးမှ ကျေးဇူးတင်စကားတိုးတိုးလေးပြောလိုက်သည်။

ကျို့ဝမ်ဟွာကခေါင်းကိုဖြည်းဖြည်းလေးခါလိုက်ပြီး ထို့နောက်သူ့ကိုဖြတ်လျှောက်သွားလိုက်၍ ပခုံးလေးကိုဖွဖွလေးထိလိုက်ပြီး " ငါမင်းကိုတစ်ခုခုစားဖို့ခေါ်သွားပေးမယ် "

ရှယောင်ကို ကျို့ဝမ်ဟွာကစားသောက်ဖို့ခေါ်သွားပြီးနောက်မှာတော့ ဟိုတယ်သို့ သူ့ဘာသာပဲပြန်သွားတော့သည်။ ရှယောင်ကဒီညတော့ဆေးရုံတွင်နေဖို့စီစဉ်ထားခဲ့သော်လည်း ဆရာဝန်ကသူ့ကို အိမ်ပြန်ပြီးအနားယူရန်သာပြောကြားခဲ့သည်။

" မင်းဆေးရုံမှာနေလည်း လုပ်ပေးနိုင်တာဘာမှမရှိဘူး မင်းအမေရဲ့အခြေအနေက လူနာလက်ခံတွေ့ဆုံဖို့လည်းမဖြစ်နိုင်သေးဘူး အခန်းထဲမှာကအမြဲတမ်းဆရာဝန်တွေနဲ့ သူနာပြုတွေရှိနေကြမှာပါ မင်းကဒီညတော့အိမ်ပြန်နားပြီး မနက်ဖန်မနက်စောစောမှပဲပြန်လာခဲ့ပေါ့ "

ရှယောင်ကဆရာဝန်ကိုကျေးဇူးတင်လိုက်ပြီး နောက်ဆုံးတော့ဆရာဝန်ပေးသည့်အကြံအတိုင်းပဲ အိမ်သို့သာပြန်လာလိုက်တော့သည်။ သို့သော်လည်း ရှယောင်ကသူ့အိပ်ရာလေးပေါ်မှာလှဲနေရင်း အိပ်ပျော်ဖို့အကြောင်းပြချက်လုံးဝရှာမတွေ့ခဲ့ပေ။ သူ့ဖုန်းကိုကောက်ကိုင်လိုက်ပြီး contacts ကိုဖွင့်လိုက်၍ ကျိုးတုနာမည်ကိုအချိန်အကြာကြီးကြာအောင်ကြည့်နေသည်။ သူ့မျက်လုံးများ နာကျင်လာတဲ့အထိကို အချိန်အတော်ကြာအထိကြည့်နေသည်။ ထို့နောက်သူက မျက်လုံးလေးများကိုတိတ်တဆိတ်လေးမှိတ်လိုက်၏။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now