အခန်း ၅၄ (အိပ်မက်မှနိုးထခြင်း)

11.4K 2.1K 195
                                    

အခန်း ၅၄အိပ်မက်မှနိုးထခြင်း

ညချမ်းချိန်ခါရောက်လာချေပြီ။

ဟေမာန်ဆောင်းရာသီမှာ ကုန်ဆုံးလွန်မြောက်သွားခဲ့လေပြီ။ ယခုအခါ ရာသီဥတုမှာ ပူတစ်လှည့်၊ အေးတစ်လှည့် ဖြစ်နေသောအချိန်အခါသို့ ချဉ်းနင်းဝင်ရောက်လာချိန်၌ နွယ်မြက်သစ်ပင်တို့ထံမှ ပျံ့လွင့်လာသော သန့်ရှင်းလတ်ဆတ်သည့် လေနုအေးတို့ကြား ဝယ် အအေးဓာတ်တို့ မဆိုစလောက်စိမ့်ဝင်ပျံ့နှံ့နေသည်။ ရေစပ်နှင့်အနီးတစ်ဝိုက်သို့ ရောက်လာသောအခါ အဆိုပါအအေးဓာတ်တို့မှာ အထူးတလည် သိသိသာသာပို၍ လွန်ကဲသွားသယောင်။

လောလောလတ်လတ် အရည်ပျော်စပြုနေသော မြစ်ရေနဒီတို့က သာယာငြိမ့်ညောင်းစွာ တိတ်တဆိတ်စီးဆင်းနေသည်။ မြစ်ကမ်းနံဘေးတွင်မူ ပါးပြင်ပေါ်၌ လက်ဖဝါးစာအရွယ် ခန့်ရှိသော မွေးရာပါ သွေးနီရောင်အမှတ်ကြီးတစ်ခုရှိနေသည့် အနီရောင်ဝတ်စုံနှင့် လူတစ်ယောက် မတ်တပ်ရပ်နေသည်။ ထိုလူမှာ ရှီစန်းတစ္ဆေစွင်းတင်ပင်တည်း။ သူက ခေါင်းကိုစောင်းငဲ့လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ် အကဲခတ်လိုက်သည်။ လက်တစ်ဖက်ကိုဆန့်တန်းထားလျက် လက်ချောင်းများကို အနည်းငယ်ကွေးကောက်ထားပြီး လက်ကို ခန္ဓာကိုယ်ဘေးတစ်ဖက်၌ တွဲလောင်းချထား ၏။ ထိုလက်ချောင်းများအပေါ်ရှိ သာမန်အသွေးအသား အရေပြားမျိုးနှင့်တူညီခြင်းမရှိ သော ဝင်းလက်တောက်ပြောင်နေမှုတို့ကို သော်တာလရောင်ခြည်အောက်ဝယ် ရှင်းလင်းထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

ထိုအခိုက် ရုတ်ချည်းပင် အနက်ရောင်အရိပ်သဏ္ဌာန်တချို့ သူ့ထံသို့ တစ်ရှိန်ထိုး ပြေးဝင်လာကြသည်။ စွင်းတင်က လေထုထဲသို့ခုန်ပျံလိုက်ပြီး အဆိုပါအနက်ရောင်ဝတ်စုံ နှင့် လူတစ်စုကို လျင်မြန်သွက်လက်စွာ ပြန်လည်တုံ့ပြန်တိုက်ခိုက်လိုက်သည်။

သရဲတောင်ကြားအတွင်း၌ရှိသော အဆိုးတကာ့အဆိုးဆုံး ပြိုင်စံရှား တစ္ဆေမိစ္ဆာ ၁၀ ယောက်အနက် ရှီစန်းတစ္ဆေ၊ ကြိုးဆွဲတစ္ဆေနှင့် မတည်မြဲတစ္ဆေတို့သည်ကား ထိပ်ဆုံးတွင် ရပ်တည်နေကြသူများဖြစ်သည်။ ကျန်သောတစ္ဆေမိစ္ဆာတို့မှာ အစွမ်းအစမရှိသော အာပလာကောင်များသာဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အဆိုပါတစ္ဆေသုံးယောက်မှာ အစောကြီးကတည်းက သရဲတောင်ကြားအတွင်း၌ ခိုင်ခိုင်မာမာခြေကုပ်ယူထားခဲ့ကြပြီး အခြားသောမိစ္ဆာများကို မိမိတို့ဘက်သို့ပါလာအောင် ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပြီး ပြိုင်ဘက်များကို ဖိနှိပ်ထားနိုင်ကာ ကိုယ်စီကိုယ်ငှ ဩဇာအာဏာလွှမ်းမိုးနိုင်စွမ်းကြီးမား သူများ ဖြစ်ကြသောကြောင့်ပင်တည်း။

လေလွင့်ခရီးသည်Where stories live. Discover now