အခန်း ၉ (သစ်တောအလယ်)

22.5K 3.3K 368
                                    

အခန်း ၉
သစ်တောအလယ်

ထိုက်ဟူရှိကျောက်ကျင့်သည်ကား ချိုးရှန်းဓားသမားဟုအမည်တွင်ခဲ့သော တစ်ခေတ်တစ်ခါက နာမည်ကျော်သူရဲကောင်းတစ်ဦးဖြစ်သည်။

ကျိုးကျစ်ရှူးမှာ ထိုက်ဟူသို့မရောက်ခင်ကတည်းကပင် ဤကဲ့သို့နာမည်ကျော်ပုဂ္ဂိုလ်ကြီးအား ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခွင့်ရရန်မျှော်လင့်နေခဲ့တာဖြစ်သည်။ သိုင်းလောကတစ်ခွင် ဂုဏ်သတင်းကျော်ဇောထင်ရှားသည့် အကျော်အမော်တစ်ဦး၏ရုပ်ရည်အသွင်အပြင်အစစ်အမှန်ကို တစ်ကြိမ်တစ်ခါမျှမမြင်တွေ့ဖူးခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် ဟွဆန်းဂိုဏ်းချုပ်၏တစ်ဦးတည်းသောသားဖြစ်သူ ယွီထျန်းကျယ်၊ သွမ့်ကျန့်အိမ်တော်၏ အရှင်သခင် မုယွင်ကဲ၊ မျက်စိတစ်ဖက်လပ်သူရဲကောင်း ကျန်ချဲ့ အစရှိသူတို့မှာလည်း ကျောက်အိမ်တော်တွင်ရောက်ရှိနေကြသည်ဟူသည့် သတင်းကိုလည်းကြားလိုက်ရသောကြောင့်လည်းဖြစ်ပေသည်။

သူတို့၏အခြေအနေအဆင့်အတန်းနှင့် နောက်ကြောင်းရာဇဝင်တို့ကို ကျိုးကျစ်ရှူးတစ်ယောက် အူမချေးခါးမကျန် နှံ့စပ်စွာသိရှိထားခဲ့ပြီးဖြစ်သည်__အပြစ်မပြုသင့်သူများကို အပြစ်ပြုစော်ကားမိသလိုဖြစ်သွားမည့်အရေးကိုရှောင်ရှားသည့်အနေဖြင့် ကောင်းကင်ပြတင်းအဖွဲ့သည် သတင်းအချက်အလက်များကို သူတို့ဘာသာသူတို့ရှာဖွေစုဆောင်းသိမ်းဆည်းထားခဲ့လေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်အတွင်း ကျန်းဟူတစ်လွှားရှိ နာမည်ကျော်ပုဂ္ဂိုလ်များနှင့် သူတို့နှင့်ပတ်သက်သောကြီးကြီးငယ်ငယ်အကြောင်းခြင်းရာမှန်သမျှတို့ကို ကောင်းကင်ပြတင်းအဖွဲ့တွင် မှတ်တမ်းတင်ထားလေ့ရှိသည်။

ဥပမာအားဖြင့် နာမည်ကြီး ချိုးရှန်းဓားသမား ကျောက်ကျင့်သည် ငယ်ရွယ်စဉ်အခါက မိသားစုထံမှစွန့်ပစ်ခံခဲ့ရသူဖြစ်ပြီး အတိဒုက္ခရောက်ကာ ပင်ပန်းဆင်းရဲကြီးစွာနေထိုင်ခဲ့ရသူဖြစ်ကြောင်းကို ကျိုးကျစ်ရှူး သိထားခဲ့သည်။ ၎င်းမှာ ငွေရေးကြေးရေးအကြပ်အတည်းကြောင့် မိစ္ဆာတေးသွား 'ချင်စုန်း' ကဲ့သို့ပင် မကောင်းမှုဒုစရိုက်အလုပ်များကို ကျူးလွန်ခဲ့ဖူးသူဖြစ်သည်။ အသက် ၂၇ နှစ်နောက်ပိုင်းရောက်မှသာလျှင် ကျောက်ကျင့်ဟူသည့် မူလအမည်နာမကိုပြန်လည်ပြောင်းလဲသုံးစွဲခဲ့ပြီး ထိုက်ဟူမှ ဖုန်မိသားစု၏တစ်ဦးတည်းသောသမီးဖြစ်သူကိုလက်ထပ်ပြီးနောက် ဇနီးသည်၏အထောက်အပံ့များကြောင့် စိန်နားကပ်ရောင်ဖြင့်ပါးပြောင်လာသူဖြစ်သည်။ သူ၏အတိတ်နောက်ကြောင်းကိုသိနေခဲ့သောအတွင်းလူများအား တိတ်တဆိတ်သတ်ဖြတ်နှုတ်ပိတ်ခဲ့ပြီး ထိုနောက်ပိုင်းတွင်မှ ကျောက်မိသားစုက သူ့ကို ပြန်လည်အသိအမှတ်ပြုလက်ခံခဲ့တာဖြစ်သည်။

လေလွင့်ခရီးသည်Where stories live. Discover now