အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)

11.4K 1.5K 139
                                    

အခန်း ၇၅

ဇာတ်သိမ်းပိုင်း (၁)

ကျောက်ကျင့်က ရှေ့ဆုံးမှဦးဆောင်လမ်းပြကာ လူများကိုခေါ်ဆောင်ပြီး ဖုန်းရာတောင်ပေါ်သို့ ချီတက်လာသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အားလုံးပဲ စိတ်မပူကြပါနဲ့...တစ္ဆေမိစ္ဆာကောင်တွေဆိုတာကလဲ တကယ်တော့...."

သူ့စကားသံမှာ ရုတ်တရက်ရပ်တန့်သွားပြီး အထိတ်တလန့်ဖြစ်သွားသောအမူအရာဖြင့် ခေါင်းကိုမော့ကာ မရဏနန်းဆောင်ရှိရာအရပ်မျက်နှာထံသို့ လှမ်းမျှော်ကြည့်လိုက်သော် တစ်ညီတစ်ညာတည်း စီတန်းလျှောက်လှမ်းလာနေသော မီးခိုးရောင်ဝတ်စုံနှင့် တစ္ဆေမိစ္ဆာငယ်လေးတစ်သိုက်ကိုတွေ့လိုက်ရသည်။ ထိုမိစ္ဆာငယ်လေးများ လမ်းလျှောက်လာနေစဉ်ဝယ် အသံတစ်ချက်မျှမထွက်ပါချေ၊ သူတို့၏ခြေထောက်များမှာ လေထုဖြင့်ပိုင်းခြားခံထားသည့်နှယ်၊ ခြေထောက်နှင့်မြေကြီး လုံးလုံးလျားလျား ထိစပ်မနေပါချေ။ ဘေးနှစ်ဖက်တွင် ရိုသေငြိမ်သက်စွာရပ်နေကြလျက် သရဲမျက်နှာပုံအလံတံခွန်တစ်ခုကို တိတ်ဆိတ်စွာလွှင့်ထူလိုက်သည်။ ဝိုးတိုးဝါးတားထွန်းလင်းတောက်ပနေသော ညနေခင်းဆည်းဆာ နေရောင်ခြည်အောက်ဝယ် လေအဝှေ့တွင် တလူလူလွင့်နေသော အဆိုပါအလံတံခွန်မှာ သွေးနီရောင်ခြယ်သထားသလို။

ကျောက်စိမ်းတမျှ အသရေတင့်တယ်ကျော့ရှင်းသော ပိန်ပါးသွယ်လျသည့် အမျိုးသားတစ်ယောက်သည်ကား အနီရင့်ရောင်ဝတ်ရုံရှည်တစ်ထည်ကို ခန္ဓာကိုယ်ပေါ်တွင်လွှားခြုံထားလျက် ထိုနေရာရှိ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်နေသည်။ သူ့လက်အစုံကို ကြီးမားပြန့်ကားသော အင်္ကျီလက်များအတွင်း၌ လျှိုသွင်းထားကာ ခေါင်းငိုက်စိုက်ချထားသည်။ သူ့ပုံစံကိုကြည့်ရသည်မှာ အနည်းငယ်စိတ်ပျံ့လွင့်နေပုံရပြီး မည်သည့်အရာကို မိန်းမောတွေဝေစွာ ငေးမောကြည့်ရှုနေမှန်းမသိပါချေ။

ကျောက်ကျင့်က လက်တစ်ဖက်မြှောက်လိုက်သောအခါ လူအားလုံးမှာ သူတို့၏ခြေလှမ်းများကို အတူတကွရပ်တန့်လိုက်ကြပြီး သတိကြီးစွာထားလျက် ထိုလူကို လှမ်းမျှော်ကြည့်ရှုလိုက်ကြသည်။ လောင်မုန့်က ဘေးဘီဝဲယာကို ဟိုကြည့်သည်ကြည့် လုပ်လိုက်ရင်း မဆိုစလောက် အတွင်းဘက်ကျသောနေရာတစ်နေရာ၌ မတ်တပ်ရပ်နေသည်။ သူ့ကို လူအများက မျက်စိလျှမ်းကာ သတိမထားမိလုနီးပါး ဖြစ်သည်အထိပင်။ အဆိုပါအနီရောင်ဝတ်ရုံနှင့်အမျိုးသားတစ်ယောက်တည်းကပင် အားလုံး၏အကြည့်များကို ဆွဲဆောင်ထားလေတော့သည်။ ၎င်းမှာ စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှည့်လာသောအခါမှာတော့ လူအားလုံးမှာ သူ့ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်လိုက်ရလေတော့သည်။

လေလွင့်ခရီးသည်Where stories live. Discover now