Unicode
အခန်း ၃၂
ရုံရွှမ့်ကျိုးကျစ်ရှူးတို့သုံးဦးသားသည် ဤကဲ့ဤနှယ် ဖုတ်ဖတ်ခါကာ ပြောင်ပြောင်တင်းတင်းထွက်ပြေးလွတ်မြောက်သွားကြလေတော့သည်။ ထိုအချိန်၌ ကောင်းအိမ်တော်တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေရှာတော့သည်။ ချောင်ဝေ့နင်ကမူ ဟွရှန်းဂိုဏ်း၏ရိုးသားကြင်နာမှုမရှိသောလုပ်ရပ်များနှင့်ပတ်သက်ပြီး သူ့အနားရှိလူများနှင့် မခံမရပ်နိုင်စွာပြစ်တင်ဝေဖန်ပြောဆိုနေသည်။ မော့ဟွိုင်ခုန်းက သူ့ကိုဆွဲခေါ်သွားကာ တိုတိုတုတ်တုတ်အမိန့်ပေးလိုက်သည်။
"မင်း ပါးစပ်ပိတ်ထားစမ်း"
ချောင်ဝေ့နင်က ဆရာတူဦးလေးဖြစ်သူကို တစ်ချက်လှည့်ကြည့်ကာ တစ်ခုခုပြောရန်ပြင်လိုက်၏။
ဆရာတူဦးလေးက ဒီလိုဆိုးဝါးရွံရှာဖွယ်လုပ်ရပ်တွေကိုမြင်လျက်သားနဲ့ ဘာလို့ ခေါင်းငုံ့နေရတာလဲ
ထိုအခိုက် မော့ဟွိုင်ခုန်းက ယွီချိုးဖုန်းကိုလက်ညှိုးညွှန်ပြလိုက်ရင်း ပြောလာ၏။
"ဟိုကောင်တောင် သူ့သေတွင်းသူတူးမိတော့မလိုဖြစ်သွားတာမမြင်ဘူးလား။ ဘာပဲဖြစ်ဖြစ် မင်းအပူတစ်ပြားမှမပါဘူး။ ပါးစပ်ပိတ်ထားပြီးသာ တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေစမ်းပါ"
ထိုအခါ ချောင်ဝေ့နင်ခမျာ နာခံကျိုးနွံစွာပင် ပါးစပ်ပိတ်သွားရှာတော့သည်။
သူက ဘေးဘီဝဲယာကို တခဏမျှစူးစမ်းကြည့်ရှုပြီးသော် လေသံကိုနှိမ့်ကာ မော့ဟွိုင်ခုန်းကိုမေးမြန်းလိုက်သည်။
"ဆရာတူဦးလေး၊ အစ်ကိုကျိုးက ကျန်းချန်လင်ကိုခေါ်ထုတ်သွားတာကို ကျောက်သူရဲကောင်းနဲ့ကောင်းသူရဲကောင်းတို့က ဘာဖြစ်လို့ အသာတကြည်ခွင့်ပြုပေးလိုက်ရတာလဲ"
မော့ဟွိုင်ခုန်းမှာ သိမ်းငှက်တစ်ကောင်အလား စူးရဲထက်ရှသောမျက်လုံးများဖြင့် ရှေ့တည့်တည့်သို့ကြည့်နေရင်းမှာပင် အနှီစကားကိုကြားသော် ချောင်ဝေ့နင်ကိုစွေခနဲလှည့်ကြည့်လိုက်ရင်း စကားတစ်ခွန်းကို သွားကြားထဲမှဖျစ်ညှစ်ပြောထုတ်လာ၏။