အခန်း ၃၃ (မိစ္ဆာအရှင်သခင်)

16.9K 2.7K 368
                                    

Unicode

အခန်း ၃၃

မိစ္ဆာအရှင်သခင်

ဝမ်းခယ့်ရှင်က ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကိုမတ်မတ်ထိုင်လိုက်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ သူ့ကိုကြည့်လိုက်သည်။ ထို့နောက် ခြေထောက်နှစ်ဖက်ကို တင်ပျဥ်ခွေချိတ်ထိုင်ကာ သူ့ဒူးခေါင်းကို လက်ဖြင့်တတောက်တောက်ခေါက်နေပြီး ခေတ္တခဏကြာသောအခါမှသာ တိုးညင်းစွာပြောလာ၏။

"ကျွန်တော်က 'ရုံ' မျိုးရိုးမဟုတ်ဘူး။ ဒီဘဝဒီတစ်သက်တာမှာ 'ရုံ' မျိုးရိုးကောင်ကိုမတွေ့ခဲ့ရတာ သိပ်ကိုနှမြောဖို့ကောင်းတာပဲ။ မဟုတ်လို့ကတော့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲသတ်ပစ်မှာ"

ကျိုးကျစ်ရှူး၏မျက်နှာပေါ်တွင် အံ့သြမှုတစ်စုံတစ်ရာကင်းမဲ့လို့နေသည်။ ၎င်းမှာ အနှီစကားကိုကြားသော် တခဏမျှတိတ်ဆိတ်သွားလျက် ဖြည်းညင်းစွာစကားဆက်လေ၏။

"သြော် ဒါဆို ငါခန့်မှန်းတာလွဲသွားပြီပဲ။ ငါက သရဲတောင်ကြားရဲ့လက်ရှိအရှင်သခင်က 'ရုံ' မိသားစုရဲ့မျိုးဆက်တစ်ယောက်ဖြစ်မယ်လို့ထင်နေတာ"

အမှောင်ထုထဲ၌ ကျန်းချန်လင်၏ဟောက်သံသဲ့သဲ့ကိုသာလျှင်ကြားနေရသည်။ သူတို့နှစ်ဦးကြားရှိအကွာအဝေးမှာ သိပ်ပြီးအလှမ်းမဝေးလှသည့်တိုင် အရာအားလုံးမှာ သုသာန်တစပြင်အလား တိတ်ဆိတ်ခြောက်ကပ်သွား၏။ အချိန်မည်မျှကြာသွားမှန်းမသိသောအခါမှသာလျှင် ဝမ်းခယ့်ရှင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြည်းညင်းစွာဖြစ်တည်ပေါ်ပေါက်လာ၏။ ထိုအပြုံးမှာ ပုံမှန်အချိန်များတွင်ပြုံးလေ့ပြုံးထရှိသော မျက်လုံးပိတ်မတတ်၊ သွားအဖွေးသားပြုံးနေသည့် ရူးကြောင်ကြောင်အပြုံးမျိုးမဟုတ်ပေ။ မျက်လုံးထောင့်စွန်း၌ အပြုံးအရေးအကြောင်းလေးများကင်းမဲ့နေလျက် ပိန်းပိတ်အောင်မည်းနက်နေသည့် မဟူရာမျက်ဝန်းတစ်စုံမှာမူ ယခင်အတိုင်း ရေခဲတမျှအေးစက်နေပြီး ခပ်ဖျော့ဖျော့အလင်းရောင်တို့ရောင်ပြန်ထင်ဟပ်နေသည်။ စင်ရော်တောင်မျက်ခုံးများမှာ အနည်းငယ်ပင့်တက်သွားလျက် စူးရဲသောအကြည့်တို့ဖြင့်ကြည့်လာရင်း ဟန်ဆောင်ပန်ဆောင်လုပ်ပြုံးတစ်ခုပြုံးပြလိုက်လေသည်။

လေလွင့်ခရီးသည်Where stories live. Discover now