Unicode
အခန်း ၂
တွေ့ဆုံခြင်း
‘ဆောင်းဦးသုံးလီ အပ်ချောင်းခုနစ်ချီ’ တွင်လျှို့ဝှက်ချက်တစ်ခုရှိလေသည်။ ယခုအချိန်၌ ထိုလျှို့ဝှက်ချက်ကိုသိသောလူမှာ ကျိုးကျစ်ရှူးတစ်ဦးတည်းသာရှိပေသည်။ နောက်ပိုင်းတွင်လည်း ထိုအကြောင်းကို သိရှိသူများများစားစားရှိလာလိမ့်မည်မဟုတ်ပါချေ__အကယ်၍ သံအပ်ခုနစ်ချောင်းလုံးအား တစ်ချိန်တည်း တစ်ပြိုင်နက်တည်းထိုးစိုက်လိုက်မည်ဆိုပါက ထိုအချိန်၌ပင် ချက်ချင်းလက်ငင်းအသက်ထွက်သွားပေလိမ့်မည်။ ကျိုးကျစ်ရှူးကဲ့သို့ အတော်အတန်သိုင်းပညာမြင့်မားသူမျိုးပင်လျှင် တော်ဝင်နန်းဆောင်မှထွက်ခွာပြီး နန်းတော်ဂိတ်တံခါးကိုတောင် မကျော်ဖြတ်ရသေးခင်မှာပင် စကားမပြောနိုင်၊ မလှုပ်ရှားနိုင်သည့် ပုပ်သိုးဆွေးမြည့်သွားရှာသော အသက်မဲ့ အသားတုံးတစ်တုံးသဖွယ်ဖြစ်သွားနိုင်ပေသည်။သို့ရာတွင် သံအပ်တစ်ချောင်းစီတိုင်းကို သုံးလခန့်အချိန်ကာလခြားပြီး ထိုးစိုက်မည်ဆိုပါက အပ်ချောင်းများမှာ ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်းသာ နစ်ဝင်သွားမည်ဖြစ်ပြီး မိမိ၏ခန္ဓာကိုယ်မှာလည်း ထိုအရာများနှင့်ဖြည်းဖြည်းချင်းကျင့်သားရသွားနိုင်ပေသည်။ သုံးနှစ်ပြည့်ပြီးနောက် မီးစာကုန်ဆီခမ်းသွားသောဖယောင်းတိုင်တစ်တိုင်ဖြစ်သွားစေပါဦးတော့၊ မည်သို့ပင်ဖြစ်စေ မိမိ၏အတွင်းအားသိုင်းပညာများမှာ ထက်ဝက်ခန့်ကျန်ရှိနိုင်ဦးမည်ဖြစ်သည်။ ထို့အပြင် သာမန်လူများနည်းတူ ကောင်းကောင်းမွန်မွန် စားနိုင်သောက်နိုင်၊ သွားနိုင်လာနိုင်မည်ဖြစ်သည်။ သို့သော် (၁၈) လနီးပါး နှလုံးအိမ်ကိုထိုးဖောက်ပြီး အရိုးကိုဖျက်ဆီးတိုက်စားတတ်သောနာကျင်မှုဝေဒနာကိုမူ မလွဲဧကန်ခံစားရပေလိမ့်မည်။
ထိုကဲ့သို့နာကျင်မှုတစ်မျိုးတည်းကပင် လူတစ်ယောက်အားရူးသွပ်သွားစေနိုင်သည်ဟူ၍ ပြောစမှတ်ပြုခဲ့ကြသည်။ သို့သော် ထိုယုံတမ်းစကားများမှာ အမှန်တကယ်တမ်းမဟုတ်မှန်ကြောင်း ကျိုးကျစ်ရှူးချက်ချင်းဆိုသလိုပင်တွေးတောမိသွား၏။ အနည်းဆုံးတော့ မိမိသည် ယခုအချိန်ထိရူးသွပ်မသွားသေးပါချေ။ ရူးမသွားရုံတင်မကသေး၊ ယခုဘဝတစ်သက်တာတွင် ဤမျှလောက်လွတ်လပ်ပေါ့ပါးပြီးပျော်ရွှင်ဖွယ်ကောင်းသောအခိုက်အတန့်မျိုးမရှိတော့ပြီဟုပင် ခံစားနေရသေးသည်။