အခန်း ၁၀
မရဏတိုင်းပြည်ကျိုးကျစ်ရှူးက အနှီလက်ဖဝါးရာကို ခေတ္တခဏမျှ စိုက်ကြည့်လိုက်သည်။ ထို့နောက် အလောင်းကိုမှောက်ခုံလှန်လိုက်ပြီး အပေါ်ယံအဝတ်အစားများကို ဆွဲချွတ်လိုက်သောအခါ အလောင်း၏ကျောပြင်တွင်လည်း အနေအထားတူပုံစံတူ လက်ဖဝါးရာတစ်ခုကို ထပ်တွေ့ရပြန်သည်။
ဝမ်းခယ့်ရှင်က သက်ပြင်းချကာမေးလိုက်သည်။
“တစ်ယောက်ယောက်ကများ ကျောဘက်ကို ထပ်ပြီးရိုက်နှက်သွားတာလား။ ဒါမှမဟုတ် ဒဏ်ရာကပဲ နောက်ကျောကို ထုတ်ချင်းပေါက်သွားတာများလား”
ကျိုးကျစ်ရှူးက မှင်သေသေဖြင့်ပြန်ပြောလိုက်သည်။
“ဘယ်သူမှ သေပြီးသားလူကို ဒီလောက်အားကုန်ခံပြီးရိုက်မှာမဟုတ်ဘူး။ ဒဏ်ရာက ခန္ဓာကိုယ်တစ်ဖက်ကနေ နောက်တစ်ဖက်ကို ထုတ်ချင်းပေါက်သွားတာပဲ။ ဒီလိုလက်ဝါးရာမျိုးနဲ့ပတ်သက်ပြီး နှစ်ပေါင်းငါးဆယ်အတွင်း ငါသိတာ တစ်ယောက်ပဲရှိတယ်”
ဝမ်းခယ့်ရှင်က စကားဆက်လိုက်သည်။
“စျာပနတစ္ဆေ စွင်းတင် ရဲ့ မိစ္ဆာလက်ဝါးပဲ”
ကျိုးကျစ်ရှူးက သူ့ကိုတစ်ချက်ကြည့်လိုက်သော်ငြား စကားမဆိုဘဲ ကိုယ်ကိုငုံ့ကိုင်းလျက် မုယွင်ကဲ၏အလောင်းပေါ်၌ ဟိုစမ်းသည်စမ်းလုပ်လိုက်သောအခါ ငွေစက္ကူများနှင့်အစိတ်စိတ်အမြွှာမြွှာဖြစ်နေသောငွေဒင်္ဂါးတစ်တွဲထွက်လာ၏။
“အိုး…ညကြီးသန်းခေါင် ကျောက်အိမ်တော်ကနေ ခိုးကြောင်ခိုးဝှက် လစ်ထွက်လာတယ်၊ ပြီးတော့ ငွေဒင်္ဂါးတစ်တွဲပါယူလာသေးတယ်…..”
ကျိုးကျစ်ရှူးက သူ့ရင်ဘတ်သူ ပြန်စမ်းကြည့်လိုက်သည်__သူလည်း ယူလာခဲ့သည်။
“နောင်တော်ဝမ်း...ဒီ ညဇီးကွက်က မိန်းမပျိုလေးတွေကို အဓမ္မပြုကျင့်ဖို့ထွက်လာတာနဲ့မတူဘူး။ များသောအားဖြင့် မုဒိမ်းသမားတွေက ငွေစအများကြီးသယ်လာလေ့မရှိဘူး”
“မုဒိမ်းသမားတွေက လဲဝတ်စရာ အဝတ်အစားအပိုတွေလဲ ထည့်လာမှာမဟုတ်ဘူး”