အခန်း ၄၃ (ကယ်တင်ခြင်း)

13.3K 2.3K 230
                                    

Unicode

အခန်း ၄၃
ကယ်တင်ခြင်း

ကုရှန်းက အားကိုးစရာကျောထောက်နောက်ခံရှိသောကြောင့် အကြောက်အလန့်မရှိသည့်ဟန်ပန်အမူအရာဖြင့် တံခါးဝ၌ပြောင်ပြောင်တင်းတင်းထွက်ပေါ်လို့လာသည်။ ချောင်ဝေ့နင်၏သနားစဖွယ်ကောင်းသောအခြေအနေကိုတွေ့လိုက်ရသောအခါ သူ့ရင်ထဲဝယ် ရုတ်ချည်းပင် အမည်မသိဒေါသမီးလျှံများ တလိပ်လိပ်တောက်လောင်လာတော့သည်။ သူ(မ) က အေးတိအေးစက်လှောင်ရယ်လိုက်၏။

"ကျွန်မထင်ထားတာက ရှင်တို့လိုသူတော်ကောင်းဂိုဏ်းနာမည်ခံထားတဲ့အဖွဲ့အစည်းတွေဟာ သူများတကာကို တစ်ယောက်ချင်းယှဥ်မတိုက်နိုင်လို့ အုပ်စုလိုက်ပူးပေါင်းတိုက်ခိုက်နေကြတယ်ပေါ့လေ။ လတ်စသတ်တော့ ဒါတွေကရှင်တို့ရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေတာကိုး။ ကျန်းချန်လင်....ရှေ့ကိုထွက်လာခဲ့စမ်း။ သူတို့ကိုပြောပြလိုက်၊ ငါက နင့်ကို ဘယ်နေရာကိုများ အတင်းအဓမ္မပြန်ပြေးဆွဲသွားခဲ့သလဲဆိုတာ"

ထိုအခါမှပင် လူအုပ်ကြီးသည် သူ(မ) အနောက်မှ ကုတ်ချောင်းကုတ်ချောင်းနှင့်ကပ်လိုက်လာသော ကောင်လေးတစ်ယောက်ကို သတိပြုမိသွားကြလေသည်။ သူ့ပုံစံကိုကြည့်ရသည်မှာ လူအများရှေ့တွင် စကားတစ်ခွန်းနှစ်ခွန်းပြောရမည်ကိုပင် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေသယောင်။ ထို့အပြင် အရှေ့ပိုင်း၌ ဖုန်းရှောင်ဖုန်းတို့အုပ်စု၏ မကောင်းဆိုးဝါးမိစ္ဆာများသဖွယ် ခက်ထန်ကြမ်းကြုတ်သောအမူအရာများကိုပါထပ်ပေါင်းထည့်လိုက်သော် ၎င်းမှာ ထိန်းမနိုင်သိမ်းမရဖြစ်စွာ တဆတ်ဆတ်တုန်ရီလာတော့သည်။ ကျန်းချန်လင်မှာ အိမ်ထောင်ကျပြီးကာစ မိန်းမပျိုလေးတစ်ဦးကဲ့သို့နှယ် ကုရှန်း၏ဘေးနားသို့ ခြေတစ်လှမ်းချင်းစီဖြည်းညင်းစွာတိုးရွှေ့သွားလျက် တိုးညင်းစွာပြောလိုက်သည်။

"မမကုရှန်းက ကျွန်တော့်ကိုပြန်ပေးဆွဲသွားတာမဟုတ်ပါဘူး။ ကျွန်တော့်ဘာသာကျွန်တော် သူတို့နောက်ကိုလိုက်သွားတာပါ"

မိုးမခစိမ်းဘိုးဘိုးက ဒေါသတကြီးအော်ဟစ်လိုက်၏။

"မဟုတ်တာတွေလျှောက်ပြောမနေနဲ့ ကျန်းအိမ်ကကောင်လေး။ မင်းလဲ အသက်လေးဘယ်လောက်မှဖြင့်မရှိသေးဘဲနဲ့ သူများခြေရာလိုက်နင်းပြီး အလှတရားအောက်မှာနစ်မျောသွားတာလား။ ဟိုမိစ္ဆာမလေးက မင်းတို့ကို ဘယ်လိုဖျားယောင်းမြူဆွယ်ပြီး လိမ်လည်လှည့်ဖျားထားလို့လဲ"

လေလွင့်ခရီးသည်Where stories live. Discover now