အခန်း ၇၇ (ဇာတ်သိမ်းပိုင်း-၃)

18.4K 2K 224
                                    

အခန်း ၇၇

ဇာတ်သိမ်းပိုင်း (၃)

ဝမ်းခယ့်ရှင်ခမျာ အခြေအနေမဟန်ရှာဘဲ ဝင်လေထွက်လေမမှန်တော့သည့်ပုံစံမျိုး ပေါက်နေသည့်တိုင် ကင်းမြီးကောက်ဂိုဏ်းချုပ်သည် သူနှင့်နှစ်ကျန့်မျှ ဝေးသောနေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်သည်။ ၎င်းမှာ ထိုနေရာ၌ရပ်နေရင်း မျက်နှာတစ်ပြင်လုံး နှစ်ထောင်းအားရဖြစ်နေသည့်ဟန်ပန်အမူအရာဖြင့် အံ့အားသင့်စွာ စုတ်တသပ်သပ် ပြောလာသည်။

"မထင်ရဘူးပဲ...မထင်ရဘူး"

ဝမ်းခယ့်ရှင်မှာ ဤအခြေအနေမျိုးရောက်နေသည့်တိုင်အောင် ဖျစ်ညှစ်ပြုံးပြလိုက်ရင်း တိုးလျစွာ မေးမြန်းလိုက်၏။

"ဘာကို မထင်ရတာလဲ"

ကင်းမြီးကောက်ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်သည်။

"သရဲတောင်ကြားအရှင်သခင်__ဘယ်လောက်ပဲအထင်ကြီးစရာကောင်းကောင်း၊ ဘယ်လောက်ပဲစွမ်းအားကြီးကြီး မထင်မှတ်ဘဲ အခုလို အခြေအနေမျိုး ရောက်လာရတဲ့တစ်နေ့ရှိသေးပါလား။ ဒီကမ္ဘာလောကကြီးရဲ့အရေးကိစ္စတွေကို ဘယ်သူကများ တိတိကျကျပြောနိုင်ပါ့မလဲလေ"

ဝမ်းခယ့်ရှင်က ပင့်သက်တစ်ချက်ရှိုက်ရှူသွင်းလိုက်၏။ ထိုအသက်ရှူသံမှာ သူ့ရင်ဘတ်အထိသာ ဝင်ရောက်သွားပုံရသည်။ သို့ဖြစ်ရာ သူက အလွန်တရာ တိုးတိမ်ဖျော့တော့သောလေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ကင်းမြီးကောက်နောင်တော်...ခင်ဗျားရဲ့ဒီစကားက မဟုတ်သေးဘူးဗျ၊ ကျွန်တော် တောင်ကြားသခင်အဖြစ် ရှစ်နှစ်လုံးလုံးနေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံးမှာ တစ်ရက်တလေလေးတောင်မှ အိပ်ကောင်းခြင်းနဲ့မအိပ်ခဲ့ရဘူး။ အဲဒါက ဘာများ အထင်ကြီးစရာကောင်းနေလို့လဲ"

‌ကင်းမြီးကောက်ဂိုဏ်းချုပ်က စဉ်းစားတွေးတောပြီး ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

"အမှန်ပဲ၊ ဟုတ်တယ်၊ ငါတို့လိုလူမျိုးတွေဟာ သာမန်လူတွေလို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်တဲ့လူတွေမှမဟုတ်တာပဲ"

လေလွင့်ခရီးသည်Where stories live. Discover now