အခန်း ၃၆ (နောင်တကင်းမဲ့ခြင်း)

16.5K 3.1K 230
                                    

အခန်း ၃၆
နောင်တကင်းမဲ့ခြင်း

ထောင့်တစ်နေရာတွင် အဘိုးအိုတစ်ယောက်ရှိနေသည်။ စိတ်သဘောထားကောင်းမွန်သော စားပွဲထိုးကောင်လေးသည်ကား အဘိုးအိုကို ဆိုင်တွင်းမှမောင်းထုတ်ခြင်းမပြုခဲ့ပေ။ ထိုအဘိုးအို၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေထဲတွင်အချိန်အကြာကြီးစိမ်ထားခဲ့သည့်အလား၊ တွန့်လိမ်ရှုံ့တွနေကာ မျက်နှာတစ်ပြင်လုံးတွင်လည်း အရေးကြောင်းများနေရာအနှံ့ပြည့်နှက်လို့နေသည်။ ဟောင်းနွမ်းစုတ်ပြဲနေပြီဖြစ်သော ချည်သားအဝတ်တစ်ထည်ကိုဝတ်ဆင်ထားပြီး ကျိုးတိုးကျဲတဲဆံပင်ဖြူများနှင့် မုတ်ဆိတ်မွေးဖြူဖြူတို့မှာပွယောင်းရှုပ်ထွေးနေ၏။ အဘိုးအိုမှာကြမ်းပြင်ပေါ်၌ ဒူးနှစ်ဖက်ကိုထောက်ထားရင်း လက်နှစ်ဖက်ကို လက်သီးဆုပ်အသွင်ပူးယှက်ဆုပ်ကိုင်ကာ ကိုယ်ကိုကိုင်းညွတ်လျက် ဖြတ်သွားဖြတ်လာဧည့်သည်တော်များကို မရပ်မနားအရိုအသေပြုနေရှာသည်။ သူ့နံဘေးတွင်မူ အက်ကွဲနေသောပန်းကန်လုံးအလွတ်တစ်လုံးကိုချထားလေသည်။

ကျန်းချန်လင်က ထိုအဘိုးအိုကိုစူးစိုက်ကြည့်ရှုနေမိသည်။ သူ့နားထဲတွင်မူ ချောင်ဝေ့နင်၏ အာပေါင်အာရင်းသန်သန်ဖြင့် ကိုယ်ရည်သွေးသောစကားလုံးပေါင်းများစွာတို့သာပြည့်နှက်နေရှာသည်။

"........ပြောကြတာက ဂန္ဓမာပန်းတွေရဲ့မွှေးရနံ့ဟာ ကြမ်းတမ်းအေးစက်တဲ့ အအေးထုထဲကနေထွက်ပေါ်လာတယ်တဲ့..."

"မဟုတ်သေးပါဘူး အစ်ကိုချောင်ရဲ့၊ ဂန္ဓမာပန်းက ဆောင်းဦးမှာပွင့်တဲ့ပန်းမဟုတ်ဘူးလား၊ ဆောင်းဦးရာသီဆိုတာ သိပ်မအေးသေးဘူးလားလို့"

"အဟမ်း...တကယ်တော့ ကဗျာဆရာအများစုဟာ တကယ်မရှိတဲ့ဒဏ်ရာကို အော်ဟစ်ညည်းညူနေတတ်ကြတဲ့သူတွေချည်းပဲ။ တောင်ယာစိုက်ပျိုးရေးလဲမလုပ်တတ်၊ ဘာအလုပ်မှလဲမည်မည်ရရမလုပ်ဘဲ အားအားယားယား တစ်သက်လုံးစာကြည့်ခန်းထဲမှာပဲအခန်းအောင်းနေပြီး သော်တာလမင်းကြီးအကြောင်း၊ လေပြည်လေညင်းအကြောင်းတွေကိုပဲ သီကုံးဖွဲ့ဆိုနေတတ်တဲ့လူတွေလေ၊ ဂန္ဓမာပန်းက ဘယ်ရာသီမှာပွင့်တဲ့ပန်းမှန်းတောင် သူတို့သေချာမသိကြတာကလဲ တကယ့်ကိုဖြစ်ရိုးဖြစ်စဉ်တွေပါပဲ"

လေလွင့်ခရီးသည်Where stories live. Discover now