P 4

54.8K 7.4K 223
                                    

ညစာစားဖို့ ပြင်ဆင်နေကြသည်။ စားပွဲရှည်ကြီးတွေက အခန်းပြည့်နေရာယူထားသည်။ ကျောင်းသား ၅၀ခန့် စားရန်နေရာရှိသည်။ ဒွန်းတစ်ယောက်အတွက်လည်း နေရာရသည်။ အန်တီနီလာဘေးတွင် ၀င်ထိုင်နေသည်။ ဘေးတွင်တော့ နိုဗယ်လင်းအတွက် ရည်စူးထားသည့် ခုံအလွတ်တစ်လုံးရှိနေသည်။

"ဟင်းရည်နဲ့ ၀က်ပေါင်ခြောက်ချက်ကို နိုနိုက သယ်လာနေပြီ"

ကလေးမလေး၏ အသံက အခန်းတစ်ခုလုံးကို ငြိမ်ကျသွားစေသည်။ ဟင်းရည်အိုးနှင့် ၀က်ပေါင်ခြောက်ပန်းကန်များကို အစာတင်တွန်းလှည်းဖြင့်တွန်းကာ နိဗယ်လင်းနှင့်အတူ နောက် ကလေးသုံးယောက်၀င်လာသည်။

ပန်းကန်များကို ကိုယ်စီထယူနေကြသည်။ ခြေထောက်မသန်သူများအတွက်ကိုလည်း ကျန်ကလေးများက ယူဆောင်ပေးသည်။ ဟင်းရည်ကိုတော့ နိုဗယ်လင်းက ဒိုင်ခံထည့်ပေးနေသည်။

ဒွန်းလည်း ဧည့်သည်ပေမယ့် ဒီနေရာရဲ့ အလေ့အထကို သိနေတော့ ဟင်းရည်ပန်းကန်ခွက်ကို ယူကာ နိုဗယ်လင်းဆီသွားလိုက်သည်။ ဟင်းရည်အိုးကို အာရုံစိုက်နေသော ကောင်လေးကတော့ ဒွန်းကို မော့တောင်မကြည့်။ Apron အဖြူလေးနှင့် လက်ရှည်ကို ခေါက်တင်၍ စနစ်တကျထည့်ပေးနေသော ကောင်လေးသည် ငယ်ငယ်က ထမင်းမစားချင်လို့ ပတ်ပြေးခဲ့ဖူးသည်။ ဟင်းရည်ပန်းကန်ကို လက်ဖြင့်တိုက်ချပြီး အပူလောင်သွားတာတောင် အော်ဖို့ မသိခဲ့သူ တစ်ယောက်ဖြစ်သည်။ အခု သူက ဟင်းချက်နေတယ်။ အရသာရော မြည်းကြည့်ပါ့မလား။ မဟုတ်ဘူး သူဘာဟင်းချက်နေလဲဆိုတာတောင် သူသိပါ့မလား။

ဒွန်းရဲ့ဝေစု ဟင်းရည်ကို ရတော့ ၀က်ပေါင်ခြောက်ကင် ပန်းကန်ကို ကလေးတစ်ဦးက လှမ်းပေးသည်။ ထိုပန်းကန်ကိုပါ ယူလိုက်ပြီး နေရာမှာပြန်ထိုင်နေသည်။ ထမင်းစားလျှင် ကိုယ့်ခွဲတမ်းရတာနှင့် အခြားသူကို ထိုင်စောင့်ရသည်။ လူစုံစားပွဲပေါ်ထိုင်ပြီးမှ ထမင်းစားရသည်။

ခဏကြာတော့ နိုဗယ်လင်းက အားလုံးရဲ့ နောက်ဆုံးမှ ခုံကို ‌လာထိုင်သည်။ အန်တီနီလာဆီမှာ ဆုတောင်းရန် ပြောလိုက်တော့ ကလေးအားလုံး လက်နှစ်ဖက်ကိုယှက်ကာ ဆုတောင်းကြသည်။ အားလုံးက ခရစ်ယာန် ဘာသာ၀င်တွေမို့ ထမင်းမစားခင်ဆုတောင်းပြီးနောက် ကလေးများ၏စကားအသံများ ပြန်လည်ထွက်ပေါ်လာပြီး စားသောက်ခြင်းအမှုကို စတင်ကြသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now