အခန်း ၄၃ (ကယ်တင်ခြင်း)

Start from the beginning
                                    

ဖုန်းရှောင်ဖုန်းသည် ကုရှန်းကိုမြင်သောအခါ မျက်လုံးများစွေးစွေးနီရဲလာပြီး ဓားမကြီးကိုဆွဲထုတ်လိုက်ကာ သူ့ထံသို့ခုတ်ပိုင်းရန်ပြေးဝင်လာတော့သည်။

"သေပေ​တော့ ကောင်မစုတ်လေး....မင်းရဲ့မျက်လုံးကိုထားခဲ့စမ်း"

ကုရှန်းက ဘေးသို့လှည့်လိုက်ရင်း ခြေလှမ်းသုံးလှမ်းခန့်နောက်ဆုတ်ကာ တစ်ချက်ပြီးတစ်ချက်တရစပ်ကျရောက်လာသော ဓားချက်များကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ခေါင်မိုးထုပ်တန်းပေါ်သို့ပျံတက်သွားပြီး အမြင့်တစ်နေရာမှနေ၍ အထက်စီးပုံစံဖြင့်အောက်သို့လှမ်းပြောလိုက်၏။

"ဖုန်းဂျပုလေး...ဟိုဧရာမငတုံးကောင်ကြီးက ရှင့်နောက်လိုက်လုပ်မိလို့ သူ့ခမျာရှစ်ဘဝစာလောက် ကံဆိုးမိုးမှောင်ကျသွားတာလေ။ ဒီက မိန်းမချောလေးက ကြင်နာသနားတတ်တဲ့နှလုံးသားပိုင်ရှင်မို့လို့သာ သူ့ကိုမျက်စိကန်းသွားရုံကလွဲပြီး တခြားဘာမှထပ်မလုပ်ခဲ့တာနော်။ တကယ်လို့ တခြားလူတစ်ယောက်သာဆိုရင် သူ့အသက်နဲ့ကိုယ်အိုးစားကွဲနေလောက်ပြီရှင့်။ ဒါတွေက ရှင့်ဘာသာရှင် ပြဿနာကိုမီးထွန်းရှာလို့ဖြစ်ရတာကိုမပြောဘဲ ဟိုငယ်ကျွန်တော်ကောင်းရှန်းကိုတောင်ဆွဲထည့်လိုက်သေးတယ်...ဟွန့်...."

ကုရှန်းမှာ ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ခေါင်မိုးထုပ်တန်းပေါ်သို့ ငန်းမလေးတစ်ကောင်သဖွယ် ကျော့မော့လှပစွာ ခုန်လွှားပျံတက်သွားလေရာ သူမ၏နောက်ဆုံးသော 'ဟွန့်' ဆိုသည့်အသံမှာ မဆိုစလောက်အားပျော့သွားရှာသည်။ ၎င်းမှာ သံသေးသံကြောင်အော်ဟစ်လျက် သူ့ထံသို့တိုက်ခိုက်ရန်ဝိုင်းအုံလာသောလူအုပ်ကြီးကို ရှောင်တိမ်းလိုက်ရင်း တစ်ဖက်တွင်လည်း စိတ်ထဲ၌တိတ်တဆိတ်စိုးရိမ်ပူပန်သွားလျက် ချောင်ဝေ့နင်အနားသို့ ပို၍တိုးကပ်သွားလိုက်သည်။

ဟွမ်တောက်ရန်သည်လည်း ထုပ်တန်းပေါ်သို့လိုက်လံပျံတက်လာကာ ကုရှန်းကိုကာဆီးလိုက်ပြီး အသံမပေးဘာမပေးနှင့်ပြေးဝင်တိုက်ခိုက်လာ၏။ သို့ရာ၌ ကုရှန်းမှာ အခြေအနေကိုနားလည်သောပညာရှိတစ်ဦးသဖွယ် ကိုယ်ကိုငုံ့ကိုင်းနှိမ့်ချလိုက်ပြီး အခြားထုပ်တန်းကြီးတစ်ခုပေါ်သို့လှမ်းခုန်လိုက်၏။ လက်တစ်ဖက်ကိုဆန့်ထုတ်လျက် အလျားလိုက်ရှိနေသည့်ထုပ်တန်းတစ်ခုအား လက်ဖြင့်ချိတ်တွယ်ထားပြီး မျောက်တစ်ကောင်ပမာ လေထုအတွင်း လှလှပပကျွမ်းတစ်ပတ်ပစ်လိုက်သည်။ ထို့နောက် လက်ထဲမှတစ်စုံတစ်ခုကို ပစ်လွှတ်လိုက်သည့်နှယ် ပါးစပ်မှလည်းကျယ်လောင်စွာအော်ဟစ်လိုက်၏။

လေလွင့်ခရီးသည်Where stories live. Discover now