အခန်း ၄၀ (အရှင်ခုနစ်)

Start from the beginning
                                    

သူ့နံဘေးတွင် နောက်ထပ်လူတစ်ယောက်အတူလိုက်ပါလာသည်။ ထိုလူမှာမူ တစ်ကိုယ်လုံးအပြည့် အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အေးစက်မှုန်မှိုင်းသောမျက်နှာအသွင်အပြင်ကိုပိုင်ဆိုင်ထား၏။ သူ၏ပုခုံးထက်ဝယ် မြွေပါကတိုးကောင်လေးတစ်ကောင်အခန့်သားထိုင်နေလျက်။

အနှီအဆိပ်ကင်းမြီးကောက်အသေခံတပ်သားမှာ ခေတ္တခဏမျှတွန့်ဆုတ်တွေဝေသွားပြီးနောက် မြားကြိုးမှပစ်လွှတ်လိုက်သောမြားတစ်စင်းပမာ ဒူးလေးကိုင်ဆောင်ထားသူထံသို့ တစ်ဟုန်ထိုးပြေးဝင်လာ၏။ ကျန်းချန်လင်မှာ ပြောမပြတတ်လောက်အောင်ပင် သူ၏နားရွက်အနီးမှ ဝှစ်ခနဲဖြတ်သန်းသွားသည့် အေးစက်သောလေတိုးသံသဲ့သဲ့တစ်ချက်ကိုသာကြားလိုက်ရပြီးသော် ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ခင်မှာပင် ထိုအဆိပ်ကင်းမြီးကောက်မှာ ကင်းမြီးကောက်အသေတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားပြီဖြစ်ကြောင်းကို တွေ့မြင်လိုက်ရပေသည်။

အစောတုန်းက သူနှင့်ခပ်လှမ်းလှမ်းတွင်ရှိနေသော အနက်ရောင်ဝတ်ရုံနှင့်လူမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ဘေးနားသို့ရောက်ရှိလာတော့သည်။ သူက ကိုယ်ကိုငုံ့ကိုင်းလိုက်ကာ သွေးထွက်နေသော သူ့လက်တစ်ဖက်ကိုကောက်ကိုင်ကြည့်ရှုလိုက်ပြီးသော် သူ၏အကြောမှတ်များကိုလှမ်း၍ပိတ်ဆို့ပေးလိုက်၏။ ထို့နောက် သူ့ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံးကိုထိုးထည့်ပေးရင်း ပြောလာ၏။

"မျိုချလိုက်၊ အဲဒါတွေက ကင်းမြီးကောက်အဆိပ်တွေပဲ"

ကျန်းချန်လင်ခမျာ ကျန်သည့်အရာများကိုဂရုမစိုက်နိုင်တော့ဘဲ ထိုလူ၏ဝတ်ရုံလက်အနားကိုသာ အသားကုန်ဆုပ်ကိုင်လျက်ပြောလိုက်သည်။

"ကု....ကု ရှန်း....ကျဲ....သူ့ကို ကယ်ပေးပါ......"

၎င်းမှာ ရှိသမျှလက်ကျန်ခွန်အားတို့ကိုစုစည်းပြီး ပြောလိုက်ရသည့်စကားများမှာ ပါးစပ်ဖျားသို့ရောက်သောအခါတွင်မူ ဗလုံးဗထွေးဖြစ်ကာ မပီမသစကားလုံးများအဖြစ်သို့သာပြောင်းလဲသွားရှာသည်။ အနားတွင်ရပ်နေသော အပြာရင့်ရောင်ဝတ်ရုံရှည်နှင့်လူမှာ တခဏမျှကြောင်အမ်းဆွံ့အသွားသည့်တိုင် သူပြောလိုသည့်အရာကိုနားလည်သွားဟန်ဖြင့် နူးညံ့ညင်သာစွာမေးမြန်းလာ၏။

လေလွင့်ခရီးသည်Where stories live. Discover now