အခန်း ၃၉ (အန္တရာယ်မှလွတ်မြောက်ခြင်း)

14.7K 2.4K 181
                                    

အခန်း ၃၉
အန္တရာယ်မှထွက်ပြေးလွတ်မြောက်ခြင်း

ကျိုးကျစ်ရှူးနှင့်ဝမ်းခယ့်ရှင်တို့နှစ်ဦးသားမှာ အချိန်မီပြန်လည်ရောက်ရှိလာကြသော်ငြား ကုရှန်းတို့အုပ်စုကို မတွေ့ရတော့ပါချေ။ မြေပြင်ပေါ်၌ ဖရိုဖရဲပြန့်ကျဲနေသည့်အလောင်းများနှင့် ထိုအလောင်းများကိုရှင်းလင်းဖယ်ရှားနေကြသည့် ကောင်းအိမ်တော်မှလူများကိုသာလျှင်မြင်တွေ့လိုက်ရလေသည်။ အပြင်ဘက်တွင်မူ အဆိုပါရန်ပွဲကို စပ်စပ်စုစုလာရောက်ဝိုင်းအုံကြည့်ရှုနေကြသော လူအုပ်ကြီးတစ်အုပ်ရှိနေပြန်သည်။

ဝမ်းခယ့်ရှင်မှာ သူ့မျက်နှာပေါ်တွင် တစ်စုံတစ်ခုဖြင့်ဖုံးအုပ်ထားရသည်ကို အလွန်အမင်းကျင့်သားမရနိုင်သေးဘဲဖြစ်နေလေရာ ပုစဥ်းတောင်ပံတမျှပါးလျလွန်းလှသည့် ထိုမျက်နှာဖုံးမှာကွာကျလာတော့မလိုခံစားနေရလေသည်။ ထို့နောက် ခုနတုန်းက လူအများ၏လိုက်လံသတ်ဖြတ်ခြင်းကိုခံခဲ့ရသော ကျိုးကျစ်ရှူးသည်ကား ဘာတစ်ခုမျှမဖြစ်ခဲ့သူတစ်ဦးပမာ ပေါ်ပေါ်ထင်ထင်ရဲရဲတင်းတင်းလျှောက်လှမ်းသွားသည်ကိုတွေ့မြင်လိုက်ရ၏။ ၎င်းမှာ သူမဟုတ်သည့်နှယ်။

ဤသို့ဖြင့် ဝမ်းခယ့်ရှင်တစ်ယောက် ပထမဆုံးအကြိမ်သဘောပေါက်သွားမိသည်။ လူတစ်ယောက်သည် အတွင်းစိတ်ထဲ၌ မည်မျှပင်ဆိုးယုတ်ကောက်ကျစ်နေစေကာမူ အပြင်ပန်းတွင် ဤကဲ့သို့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် ရဲတင်းဖြောင့်မတ်သောအမှန်တရားဘက်တော်သားတစ်ဦးသဖွယ် ပြုမူနေထိုင်နိုင်သည်ဟူ၍ဖြစ်သည်။ တကယ့်ကိုပင် နောက်ထပ်မျက်နှာဖုံးတစ်လွှာကို ထပ်မံတပ်ဆင်လိုက်သောအခါ အရေပြားနှစ်ထပ်ဖြစ်သွားသည့်မျက်နှာကိုလှမ်းကြည့်လိုက်ရင်း ၎င်းမှာ အံ့ဩဘနန်းဖြစ်သွားလျက် စုတ်တသပ်သပ်ဖြင့် သူ့နောက်မှလိုက်လာရှာတော့သည်။

မြေပြင်ပေါ်ရှိအလောင်းများကို စမ်းသပ်စစ်ဆေးနေကြသောလူများထဲတွင် ချင်းဖုန်းဂိုဏ်းချုပ် မော့ဟွိုင်ခုန်းလည်းတစ်ယောက်အပါအဝင်ဖြစ်သည်။ သူ့မျက်နှာအမူအရာမှာ တင်းမာခက်ထန်နေလျက် သိသာထင်ရှားစွာပင် သူ့တပည့်ဖြစ်သူ ချောင်ဝေ့နင်၏လက်ချက်မှန်းဖြစ်ကြောင်းသိရှိနေသည့်နှယ်။ ဝမ်းခယ့်ရှင်က သူ့ကိုခေတ္တခဏမျှအကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ကျိုးကျစ်ရှူးအနားသို့တိုးကပ်သွားလျက် နားအနားသို့ကပ်ကာပြောလိုက်၏။

လေလွင့်ခရီးသည်Where stories live. Discover now