အခန်း ၃၄ (မိစ္ဆာမယ်)

15.5K 2.7K 252
                                    

Unicode

အခန်း ၃၄
မိစ္ဆာမယ်

ကျိုးကျစ်ရှူးတစ်ယောက် ငွေတိုက်ထဲသို့ နောက်တစ်ကြိမ်ဝင်သွားချိန်ဝယ် သူ့ကိုထွက်လာ၍ဆီးကြိုသူမှာ ဆိုင်ရှင်တစ်ဦးတည်းမဟုတ်တော့ပေ။

သူ ရောက်လာကြောင်းကြားလျှင်ကြားချင်းမှာပင် အနည်းငယ်ခန္ဓာကိုယ်ဝဝဖိုင့်ဖိုင့်နှင့် ကံကောင်းမှုတို့ပြည့်လွှမ်းနေသည့်မျက်နှာသွင်ပြင်ပိုင်ရှင် အမျိုးသားတစ်ဦးကပါ အလျင်အမြန်ထွက်လာ၍ခရီးဦးကြိုပြုလေသည်။ ထိုလူမှာ ပါးလျသောမျက်ခုံး၊ မှေးကျဉ်းသောမျက်ဝန်းတစ်စုံ၊ အနည်းငယ်ပွယောင်းသောနှာခေါင်းတို့ကိုပိုင်ဆိုင်ထားပြီး ဝါးဆစ်ပေါင်းအိုးထဲမှ လတ်လတ်ဆတ်ဆတ်ထုတ်ယူလာသည့် အဖြူရောင်ဧရာမပေါက်စီကြီးတစ်လုံးနှင့်တူကာ မျက်နှာမြင်ချစ်ခင်စေနိုင်သော ရုပ်ဆင်းရူပကာကိုပိုင်ဆိုင်ထားလေသည်။ ဆိုင်ရှင်မှာမူ ထိုလူ၏အနောက်ဘက် ခြေနှစ်လှမ်းခန့်အကွာမှသာလိုက်လာပြီး အလွန်တရာရိုသေကျိုးနွံစွာပင် အနည်းငယ်ခါးညွတ်၍အရိုအသေပြုလိုက်သည်။

ကျိုးကျစ်ရှူးကိုတွေ့သောအခါ သူက ရှေးဦးစွာ တခဏမျှတုံ့ဆိုင်းသွားပြီးနောက် ဇဝေဇဝါဖြစ်စွာမေးလာ၏။

"အသင်က...ကျိုးသခင်လေးများလား"

ကျိုးကျစ်ရှူးက ပြုံးရယ်လိုက်သည်။

"ဘာလဲ.....ဖျင်အန်းက ကျွန်တော့်ကိုတောင်မမှတ်မိတော့ဘူးလား"

ကျိုးကျစ်ရှူးကိုလာရောက်ကြိုဆိုသူမှာ 'ဖျင်အန်း' ငွေတိုက်ပိုင်ရှင်ဖြစ်သူ စုန့်အိမ်တော်ထိန်းကြီး စုန့်ဖျင်အန်းပင်တည်း။ ကောလာဟလစကားများအရဆိုလျှင် အနှီပုဂ္ဂိုလ်သည်ကား ယခင်က နန်နဉ်မင်းသား၏စံအိမ်တော်၌ အိမ်တော်ထိန်းအဖြစ်အလုပ်အကျွေးပြုခဲ့သူဖြစ်ကာ အရှင်သခင်ဖြစ်သူကွယ်လွန်ဆုံးပါးသွားပြီးနောက်တွင်မူ သူ့ဘာသာသူတစ်ကိုယ်တည်းပြင်ပလောကသို့ထွက်လာပြီး စုဆောင်းရှာဖွေထားသည့် အတွင်းပစ္စည်းများကိုအရင်းအနှီးပြုကာ စီးပွားရေးလုပ်ငန်းများကိုစတင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူ၏စီးပွားရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့်တိုးတက်အောင်မြင်ကြီးပွားလာခဲ့သည်။

လေလွင့်ခရီးသည်Where stories live. Discover now