(၄၂)

1.4K 114 17
                                    

(Zawgyi)

အရှိန်နှင့်ခုတ်မောင်းနေသည့် မီးရထားပြတင်းဘောင်ထက်မှနေ၍ ဘေးပတ်ဝန်းကျင်အား တမေ့တမောငေးကြည့်ရင်း ကိုယ့်ဘဝကိုယ်ပြန်သုံးသပ်နေမိသူမှာတော့ ဘုန်းရောင်လွင်ပါပင်...

ဘဝအတွက် လိုအပ်သည့် အတန်းပညာတို့ လုံလောက်သင့်သလောက်လုံလောက်ခဲ့ပြီးဖြစ်သောသူ့အတွက်၊
ခပ်လှမ်းလှမ်းအား မှန်းမျှော်ကြည့်လျှင် မြင်နေရသည့် စိမ်းညို့သော တောင်စဉ်တောတန်းတို့သည်
အတန်းပညာထက်အရေးကြီးသည့် အလုပ်အတွေ့အကြုံတို့အား သင်ကြားပေးမည့် ကျောင်းတော်ကြီးများပါပင်။

ရောက်ရာအရပ်၌ အကောင်းဆုံးနေရမည်ဟူသော ကြီးကြီး၏ဆုံးမစကားအား နှလုံးသွင်းရင်းသူတာဝန်ကျသည့် လုပ်ငန်းမှန်သမျှအား ကျွမ်းကျင်အောင် ရိုးသားစွာကြိုးစားမည်ဟုသာ တစ်လမ်းလုံးဆုံးဖြတ်လာခဲ့မိသည်။

ထိုသို့တွေးမိနိုင်ရန်အတွက်လည်း  တကူးတက လာရောက်အားပေးခဲ့သူတို့ကိုလည်း အကြိမ်ကြိမ်ကျေးဇူးတင်မိလျက်ပါပင်။

လေဆိပ်ဝယ် ငယ်နှင့်အတူ မမနှင့် မေနန်းတို့ပါ လိုက်လာကာ ရွာသို့အလည်ဝင်ရန်ပင်အချိန်မရသည့်သူ့အား လာရောက်နှုတ်ဆက်ကြသေးသည်။
အချိန်ခဏလေးဖြစ်သော်ငြား သူမတို့၏ အပြုံးမျက်နှာတို့အား မြင်လိုက်ရချိန်၌မူ
သူ့ဝယ်နောက်ဆံတင်းစရာမရှိအောင် စိတ်ပေါ့ပါးသွားရသည်။

မမ၏ညီမငယ်တို့်အား အရိပ်တကြည့်ကြည့်ဂရုစိုက်တတ်ပုံကြောင့်
သူစိတ်မချစရာ အကြောင်းမရှိ...

တတိယနှစ်ကျောင်းသူဖြစ်နေသည့် မေနန်းသည် ပညာရေးတွင်ထူးချွန်သကဲ့သို့ ချစ်ရသောငယ်သည်လည်း တဖြည်းဖြည်း ရက်ကန်းရုံအား အခြေခိုင်မာအောင်တည်ဆောက်နိုင်ခဲ့ပြီမို့ ကြားရသည်မှာ ဝမ်းမြောက်စရာကောင်းလှပါသည်။

သူလည်း ဤအရပ်၌ တာဝန်ယူရသည့်ကာလပြီးသွားလျှင်တော့ အရာရှိတစ်ဦးအနေဖြင့် ငယ့်အား တင့်တယ်စွာ လက်ထပ်နိုင်တော့မည်။ ထိုသို့သော ဖြောင့်ဖြူးနေမည့် အနာဂတ်အတွက် ယခုပစ္စုပ္ပန်မှ အစပြုကာ အကောင်းဆုံးတည်ဆောက်ပြုပြင်သွားရမည့်သဘောအား သူအကြိမ်ကြိမ် နှလုံးသွင်းနေမိပါတော့သည်။

Essential of loveDonde viven las historias. Descúbrelo ahora