(Zawgyi)
လေတိုးသံဖျဖျပင်မကြားရသည့်အထိ တိတ်ဆိတ်ငြိမ်သက်နေသည့်ပတ်ဝန်းကျင်သည်ကား တစ်ဦးတည်းရှိနေသူအတွက်ဆိုလျှင်ခြောက်ခြားဖွယ်အတိပြီးစေ၏။
ခန္ဓာကိုယ်တစ်ခုလုံးဝယ် နေရာအကြားအလပ်မကျန် အရိုးခိုက်မတတ်နာကျင်မှုတစ်ခုကသာ လွှမ်းခြုံလျက်ရှင်း နိုးထလာခဲ့လေသည်။
ကြိုးစားအားတင်းကာ ကျိန်းစပ်နာကျင်နေသည့် မျက်ဝန်းတို့အားဖွင့်ကြည့်မိချိန်၌မူအမှောင်ထုဖြင့်အတိပြီးလျက်ရှိသော မြင်ကွင်းတစ်ခုက ရှင်းအားကြိုဆိုနေလေသည်။အသိစိတ်ကပ်လျှင်ကပ်ခြင်း ရှင်း တစ်စုံတစ်ဦးအား ရှာဖွေမိလျက်သား။
သို့သော် ပိန်းပိတ်အောင်မှောင်နေသည့်ပတ်ဝန်းကျင်ဝယ် မည်သည့်အရာကိုမျှ ရှင်းမမြင်ရ။ ကိုယ်တိုင်ပင်မည်သည့်နေရာဝယ်ရှိနေမှန်း မသိရသည်အထိ။လေဟာနယ်ထဲမှ အတားအဆီးမရှိ တစ်ရှိန်ထိုးပြုတ်ကျခဲ့လေခြင်းကြောင့် ရှင်းတစ်ကိုယ်လုံးတစ်စစီဖြစ်သွားလေပြီဟုပင်တွေးမှတ်ထားခဲ့မိသည်။ သတိတရားက စိတ်အစဉ်ဝယ်နေရာယူလာချိန်တွင်တော့ ရှင်းကြိုးစားအားတင်းကာ ကုန်းထရန် အရှိန်ယူလိုက်မိသည်။
ပြုတ်ထွက်တော့လုမတတ်ကိုက်ခဲနေသည့် လက်အစုံဖြင့်ဖိထောက်ကာ ထထိုင်မိလိုက်သည်။မျက်ဝန်းတို့မှာ အမှောင်နှင့်အနည်းငယ်အသားကျသွားချိန်မှသာ အမြင်အာရုံဝယ် ဝေဝေဝါးဝါးအရိပ်အယောင်တို့ ပေါ်လွင်လာရတော့သည်။
တစ်ဆက်တည်းမှာပင် သတိထားမိလိုက်သည်က ရှင်းရောက်ရှိနေသည့်နေရာ။
ကြီးမားတုတ်ခိုင်သော ပင်စည်နှင့် အခက်အလက်တို့များမြောင်လှသည့် သစ်ပင်မြင့်ကြီး၏ သစ်ကိုင်းတစ်ခုထက်ဝယ် ရှင်းမြဲမြံစွာတင်ရှိနေခြင်းပါပင်။ပြုတ်မကျစေရန်သတိထားထိုင်လိုက်ပြီးချိန်၌မူ ရှင်းမျက်ဝန်းတို့အား ဘေးဘီသို့ဝေ့ဝဲကြည့်လ်ုက်မိသည်။ သစ်ပင်သစ်ခက်တို့မှအပ မည်သည့်အရာမှ ရှင်းနံဘေးဝယ်ရှိမနေခဲ့။
"ဦးဘုဏ်း"
အတွေ့ချင်ဆုံးသောသူအား အကျယ်ဆုံးသောအသံနှုန်းဖြင့် ရှင်းအော်ခေါ်လိုက်မိသော်ငြား တကယ်တန်းတော့ရှင်းတစ်ဦးတည်းကြားလောက်ရုံ အသံတစ်စသာ အက်ရှစွာထွက်လာခဲ့လေသည်။
YOU ARE READING
Essential of love
RomanceWhatever may happen, there's nothing I care for more than you... Start Date> 22th May 2019 Both zawgyi font & unicode versions are included, be convenient guys (>‿♥)