အခန်း ၂၄ (တစ္ဆေမျက်နှာ)

17.2K 2.7K 175
                                    

Unicode

ခန်း ၂၄
တစ္ဆေမျက်နှာ

ကျိုးကျစ်ရှူးသည်ကား ထိုကိစ္စနှင့်ပတ်သက်ပြီး စိုးစဉ်းမျှပင်စိတ်ဝင်စားမှုမရှိပါချေ။ ခွေးခေါင်းမကလို့ ဝက်ခေါင်းဖြစ်သည်အထိပင် ရိုက်နှက်သတ်ပုတ်ကြပါစေ၊ သူနှင့်မဆိုင်ရေးချမဆိုင်ပါလေ။ ယခုအချိန်တွင် သူ လုပ်ချင်သည့်တစ်ခုတည်းသောအရာမှာ စားသောက်ဆိုင်တစ်ဆိုင်ထံသို့ အမြန်သွားကာ ဗလာကျင်းနေပြီဖြစ်သော သူ၏သေရည်အိုးအလွတ်ကို အပြည့်အလျှံဖြည့်တင်းလိုခြင်းသာဖြစ်သည်။ ထို့နောက်တွင်မူ အသိုက်တစ်ခုရှာကာ မိုးစုံးစုံးချုပ်သည်အထိ တရေးတမောအိပ်စက်အနားယူလိုက်ပြီး သူ့ဦးနှောက်တစ်ခုလုံးထဲတွင်ပြည့်နှက်နေသော 'လူနီလေးက ဧရာမတောင်ကြီးကိုမည်သို့မည်ပုံခွဲခြမ်းပြီး မြွေဖြူမလေးကိုကယ်ထုတ်သွားသည့်ပုံပြင်' ကို ခေါင်းထဲမှပြောင်သလင်းခါသွားအောင်ခါထုတ်လိုသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လိမ္မာပါးနပ်စွာပင် ချောင်ဝေ့နင်၏လက်ထဲမှ အသာအယာရုန်းထွက်ဖယ်ခွာရင်း ရှင်းပြလိုက်သည်။

"ကျွန်တော်တို့ ဒီကလေးကို ကျောက်သူရဲကောင်းဆီ အရင်ပြန်ပို့ပေးရဦးမယ်လေ"

ချောင်ဝေ့နင်မှာ သူ့ဦးခေါင်းကိုလက်​ဖြင့်တဖျတ်ဖျတ်ပြန်ရိုက်ရင်းဆို၏။

"ဟုတ်သားပဲ...ဟုတ်သားပဲ။ ကျွန်တော် ဒီကိစ္စကိုမေ့သွားတယ်"

ချောင်ဝေ့နင်က ကျန်းချန်လင်ဘက်သို့လှည့်ကြည့်လိုက်သည်။ စိတ်ခံစားချက်များကို အတော်အတန်မဖုံးကွယ်မသိုဝှက်တတ်သောမျက်နှာလေးပေါ်တွင် အနည်းငယ်ထူးဆန်းစွာပင် သနားကရုဏာသက်ဖွယ်ကောင်းလှသော အမူအရာတို့ထင်ဟပ်ထွက်ပေါ်လာ၏။ သူ သက်ပြင်းတစ်ချက်ချကာ ကျန်းချန်လင်၏ပုခုံးကို အသာအယာပုတ်ရင်းပြောလိုက်သည်။

"မင်းလဲ အသက်ငယ်ငယ်လေးနဲ့ ဒီလောက်များပြားတဲ့ဒုက္ခတွေကိုခံစားခဲ့ရတာပဲ။ နောက်တစ်ခါဆို ကိုယ့်ကိုယ်ကိုယ် ဒီထက်ပိုပြီးသေသေချာချာဂရုစိုက်နော်"

ကျန်းချန်လင်ကမူ ချောင်ဝေ့နင်နှင့်ခင်မင်ရင်းနှီးခြင်းမရှိသည့်အတွက် သူ့စကားကိုလျစ်လျူရှုကာ အင်းမလုပ်၊ အဲမလုပ်ပါချေ။ ဝမ်းခယ့်ရှင်သည်သာလျှင် တုံ့ပြန်မှုပြုလိုက်ပြီး ကြားဖြတ်မေးမြန်းလိုက်သည်။

လေလွင့်ခရီးသည်Where stories live. Discover now