အခန်း ၁၅ (စားသောက်ဆိုင်)

20.4K 3.1K 465
                                    

အခန်း ၁၅
စားသောက်ဆိုင်


“သခင် တကယ်လို့ လူတစ်ယောက်ကရုပ်ဖျက်ထားမယ်ဆိုရင် သေချာပေါက်ကို သူ့ကိုယ်သူအရင်တုန်းကထက် ပိုပြီးရုပ်ဆိုးအောင်လုပ်ထားလိမ့်မယ်လို့ သခင်က ဘယ်လိုလုပ်ပြီး တပ်အပ်ပြောနိုင်ရတာလဲ”

ဤသည်ကား ကုရှန်းတစ်ယောက်နားမလည်ဟန်ဖြင့်မေးမြန်းလာသောမေးခွန်းဖြစ်သည်။

ဝမ်းခယ့်ရှင်က အေးအေးလူလူရှင်းပြလိုက်သည်။

“လူတစ်ယောက်က ရုပ်ချောသည်ဖြစ်စေ၊ ရုပ်ဆိုးသည်ဖြစ်စေ အဲဒါက သူ့ရဲ့မွေးရာပါအသွင်အပြင်ဖြစ်ပြီး သူနဲ့အလိုလိုလိုက်ဖက်ညီနေပြီးသား။ လူတစ်ယောက်က ရုပ်ဖျက်ထားတယ်ဆိုရင်တောင် ဟာကွက်တစ်စက်မှမရှိဘဲ ပြစ်မျိုးမှဲ့မထင်ပြီးပြည့်စုံအောင်လုပ်နိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ​တကယ်လို့ လူတစ်ယောက်က အကြောင်းရင်းမည်မည်ရရမရှိဘဲ ‌ချောမောလှပသွားတယ်ဆိုရင် တခြားလူတွေက မင်းကိုနှစ်ခါပြန်ငေးမကြည့်ဘဲမနေနိုင်အောင်ဖြစ်သွားလိမ့်မယ်၊ အဲဒီအခါကျရင် မင်းရဲ့ဟာကွက်တွေကိုတွေ့သွားနိုင်တယ်မဟုတ်ဘူးလား”

နေ့ခင်းကြောင်တောင် နေမွန်းတည့်ချိန်၌ လမ်းသွားလမ်းလာများဖြင့် ပျားပန်းခတ်စည်ကားနေသော လမ်းမကြီးတစ်လျှောက် အတူတကွသွားလာနေကြသောလူသုံးဦး။ ကျိုးကျစ်ရှူးသည်ကား သူ၏သိုင်းပညာကိုတတ်နိုင်သလောက်ချွေတာထိန်းသိမ်းထားသည့်အနေဖြင့် ဆွံ့အနားမကြားသူတစ်ဦးပမာ ဆရာတပည့်နှစ်ဦးသား အပြန်အလှန်ပြောဆိုဆွေးနွေးနေကြသော စကားဝိုင်းအတွင်းသို့ ပါဝင်ပြောဆိုခြင်းမရှိဘဲ နားထောင်ရုံသာနားထောင်နေသည်။ ဝမ်းခယ့်ရှင်တစ်ယောက် အချိန်တိုင်းလိုလို သူ့ကိုယ်ပေါ်သို့ ခိုးကြောင်ခိုးဝှက်လှမ်း၍ကြည့်နေတာကိုလည်း မသိကျိုးကျွံပြုထားလိုက်၏။ ဤနေရာသို့ရောက်သောအခါတွင်မူ သူ အံ့အားမသင့်ဘဲမနေနိုင်ရှာတော့။ ၎င်းကို ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီးသော် ‘ဒီကောင်က အတော်သိတာပဲ’ ဟုစိတ်ထဲ၌တွေးလိုက်မိလေသည်။

ဝမ်းခယ့်သည်ကား သူ့စကားများကို အများကစိတ်ဝင်တစားအာရုံစိုက်နားထောင်နေသည်ကိုသိသောအခါ ၎င်းမှာ စိတ်ကြီးဝင်ဘဝင်မြောက်သွားပြီး မနားတမ်းတရစပ်ပေါက်ပေါက်ဖောက်လေတော့သည်။

လေလွင့်ခရီးသည်Where stories live. Discover now