အခန်း ၁၁ (မြေအောက်လိုဏ်ဂူ)

19.9K 3.3K 288
                                    

အခန်း ၁၁
မြေအောက်လိုဏ်ဂူ

ကျိုးကျစ်ရှူးက 'အဝါရောင်ရေပူစမ်း' ဟုခေါ်တွင်သောနေရာရှေ့မှောက်တွင် တခဏမျှမတ်တပ်ရပ်နေပြီးနောက်တွင်မူ နောက်ပြန်လှည့်ကာ လာရာလမ်းအတိုင်းသာပြန်သွားချင်တော့သည်။ မိမိသည် ကျောက်အိမ်တော်တွင် ထမင်းဝဝလင်လင်စားခဲ့ရသောကြောင့် နှစ်ခါမစဥ်းစားဘဲစိတ်လိုက်မာန်ပါဖြင့်  ဤနေရာသို့ခုန်ဆင်းလာခဲ့ခြင်းဖြစ်သည်__ဟွာဆန်းဂိုဏ်းချုပ်ကိုယ်တိုင်မှာ လူကောင်းသူကောင်းတစ်ယောက်မဟုတ်သည့်အပြင် သူ၏သားဖြစ်သူမှာလည်း အဖေထက် သားတစ်လကြီးသူဖြစ်ပြီး ပို၍ဆိုးသွမ်းလှပေသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အသောက်အစား အပျော်အပါး အင်မတန်မက်မောပြီး တဏှာရာဂစိတ်ကြီးမားသူဖြစ်သည်။

ထပ်ပြောရလျှင် ကျန်းဟူတွင်ကျင်လည်ကျက်စားနေသူဟူသမျှ ဓားချက်များကိုမခံစားဖူးသူဟူ၍မရှိနိုင်ပေ။ ပင့်ကူပိုးကြိုးနှင့်အဖြတ်ခံလိုက်ရသည်မှာ ယွီထျန်းကျယ်၏ဦးခေါင်းပင်ဖြစ်စေ၊ သူ၏ညီနောင်များပင်ဖြစ်စေ မိမိနှင့်ဘာများသက်ဆိုင်ပါမည်နည်း။

ဝမ်းခယ့်ရှင်၏ကျောချမ်းစရာကောင်းလှသော သရဲပုံပြင်များ၏လွှမ်းမိုးမှုကြောင့်လောမသိ။ ရုတ်တရက် အတော်လေး အတိတ်နိမိတ်မကောင်းသောခံစားချက်တစ်ခုကို သူ ခံစားလိုက်ရသည်။ ဤလိုဏ်ဂူထဲတွင်ပြောမပြတတ်သော ထူးဆန်းသည့်အငွေ့အသက်များပျံ့နှံ့နေသယောင်။ ကျိုးကျစ်ရှူးတွက်ချက်ကြည့်လိုက်သည်။ မိမိမှာ အသက်ရှင်ရန် အချိန် ၂ နှစ်ခွဲခန့်သာ ကျန်ရှိတော့တာဖြစ်သည်။ သူ့ဆန္ဒမှာ အသက်အန္တရာယ်နှင့်ကြုံတွေ့ကာ ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်ခြင်းဖြင့် လက်ကျန်သက်တမ်းတွင် အချိန်ရှိခိုက်လုံ့လစိုက်ကာ ကုသိုလ်ကောင်းမှုများစုဆောင်းပြီး ဘဝကိုအကောင်းဆုံးရှင်သန်နေထိုင်လိုခြင်းသာဖြစ်သည်။

အချိန်မရွေးစိတ်ထဖောက်သွားနိုင်​သောယောကျ်ားတစ်ယောက်နှင့်အတူ သူတစ်ပါး၏ဂူသင်္ချိုင်းအတွင်းသို့ဝင်ရောက်ရန် အမှန်တကယ်ကိုမလိုအပ်ပါချေ။

သို့ဖြစ်ရာ သူက လာရာလမ်းအတိုင်းလှည့်ပြန်မည်အပြု စက်ယန္တရားတစ်ခုကိုထိမိလိုက်သည့်နှယ် ရုတ်တရက်အသံတစ်သံကြားလိုက်ရ၏။ သေးငယ်သောဂူ‌ပေါက်ဝရှိ အရပ်လေးမျက်နှာမှ ဓားအလက်ပေါင်းများစွာထိုးထွက်လာကြပြီး အဆိုပါကျဉ်းမြောင်းသောနေရာလေးကို အပြည့်အဝကာဆီးပိတ်ဆို့ထားလိုက်လေတော့သည်။

လေလွင့်ခရီးသည်Where stories live. Discover now