အခန်း ၉ (သစ်တောအလယ်)

Start from the beginning
                                    

အခြားသောဥပမာတစ်ခုကတော့ လက်ရှိအချိန်၌ နာမည်ကြီးလူငယ်သူရဲကောင်းဖြစ်သူ ယွိထျန်းကျယ်ပင်ဖြစ်သည်။ ထိုသူသည်ကား အော်မေ့ဂိုဏ်း၏ဂိုဏ်းသမတစ်ဦးနှင့်နောက်မီးလင်းကာ ဇာတ်လမ်းရှုပ်ခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင်မူ ထိုမိန်းကလေးအား သစ္စာဖောက်ခဲ့သည့်အတွက် အမျိုးသမီးလေးမှာ သုံးလခန့်ရှိသော ကိုယ်ဝန်ကိုလွယ်ထားလျက်နှင့်ပင် နောက်ဆုံး အခန်းတွင်း၌ သူ့ကိုယ်သူသေကြောင်းကြံစည်သွားခဲ့သည်__သစ္စာမေတ္တာကြီးမားလှသော အနှီမိန်းကလေးသည်ကား အစမှအဆုံးတိုင် တရားခံမှာ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုခြင်းမပြုခဲ့ပါချေ။

သူတို့အားလုံးမှာ မည်သို့သောလူများဖြစ်ကြသည်ကို ကျိုးကျစ်ရှူးတစ်ယောက် ကောင်းကောင်းကြီးသိရှိပြီးဖြစ်သောကြောင့် ၎င်းတို့အပေါ် စိတ်ဝင်တစားရှိမိသည်ကတကြောင်း၊ ကျန်းချန်လင်၏အတင်းကာရော တိုးလျှိုးတောင်းပန်မှုကြောင့်တကြောင်း ကျောက်မိသားစုအိမ်တော်တွင် တစ်ည တာတည်းခိုရန် သူ ဆုံးဖြတ်လိုက်သည်။

ကျောက်ကျင့်သည်ကား အတိတ်တွင်မည်သည့်လုပ်ရပ်များပြုလုပ်ခဲ့သည်ဖြစ်စေ၊ ယခုအချိန်တွင်မူ သူရဲကောင်းတစ်ဦး၏ တည်ကြည်လေးစားခန့်ညားဖွယ်ဟန်ပန်အမူအရာတို့အပြည့်ရှိလို့နေသည်။ လမ်းပင်ကောင်းကောင်းမလျှောက်နိုင်သော စုတ်တီးစုတ်ပဲ့ဝတ်ဆင်ထားသည့် ကျိုးကျစ်ရှူးအပေါ်တွင် အနည်းငယ်သော်မျှအထင်အမြင်သေး​ခြင်းအလျဥ်းမရှိဘဲ လေးလေးစားစားပြောဆိုဆက်ဆံလေသည်။ ကျောက်ကျင့်မှာအတွေ့အကြုံရင့်ကျက်သူပီပီ ကျန်းချန်လင်၏မျက်ရည်လည်ရွှဲဖြင့်ပြောလာသောစကားများကို တစ်ချက်မျှနားထောင်လိုက်သည်နှင့် လမ်းခရီးတစ်လျှောက် သူတို့ရင်ဆိုင်တွေ့ကြုံခဲ့ရသော အန္တရာယ်အခက်အခဲအဖုံဖုံကို သဘောပေါက်သွားပြီးသော် အလိုအလျောက်ပင် ကျိုးကျစ်ရှူး၏နောက်ကြောင်းရာဇဝင်ကိုသံသယဝင်လာတော့သည်။

ထိုနေ့တွင်ပင် ကျိုးကျစ်ရှူးတို့နှစ်ဦးသားကို အိမ်တော်တွင် နေရာချထားပေးကာ ရေမိုးချိုးသန့်စင်၍ အဝတ်အစားများလဲလှယ်စေလျက် အစားအသောက်များ တည်ခင်းဧည့်ခံကျွေးမွေးပြီးသော် ကျောက်ကျင့်သည် ကျန်းချန်လင်ကို စာကြည့်ခန်းသို့ခေါ်ဆောင်ကာ ဖြစ်ပျက်ခဲ့သမျှအလုံးစုံကို အသေးစိတ်မေးမြန်းစူးစမ်းလေတော့သည်။

လေလွင့်ခရီးသည်Where stories live. Discover now