တက်တူး

2.6K 167 30
                                    

အပိုင်း သုံးဆယ်

တက်တူး

ငေးကြည့်ရတာကို ကျေနပ်ခဲ့လို့ ပင်လယ်ပာာ အခုထက်ထိ အထီးကျန်နေဆဲ။

ကြေကွဲလောက်စရာ ဆုံးရှုံးရခြင်းမျိုးသာ မရှိခဲ့ပါရင်၊ အချစ်ဟာ ကဗျာတွေ ဖြစ်လာမယ်မထင်။ သမိုင်းအဆက်ဆက် ချစ်ဦးသူတို့နဲ့ လွဲချော်ခဲ့ရတော့ ကဗျာဆရာတွေ ပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာ ချစ်ခြင်းနဲ့အစချီတဲ့ တစ်ဖက်သတ်ရင်နာမှုတွေ ပန်းအဖြစ်နဲ့ပျိုးလို့ ချစ်သူခေါင်းမှာ ဝေစေချင်တယ်တဲ့။

တကယ်တော့ ချစ်ခြင်းဆိုတာ လက်မောင်းပေါ်က တက်တူးတွေလို သေရာပါမယ့် တွဲငြိခြင်းမျိုးပဲ။ ဘယ်လိုရှင်းပြရမလဲ... အခုတော့ မင်းက ဒဏ်ရာလေးတစ်ခုနဲ့ ပိုတူလာတဲ့အကြောင်း။

..............

ညနေ နေဝင်ချိန်ဖြစ်သည်မို့ သိသိသာသာ ပြောင်းလဲခဲ့သော အအေးဓာတ်ကို ရောင်နေ လေထုမှတဆင့် ခံစားရင်း တောင်ပေါ်ကနေ လှမ်းမြင်ရသည့် ခရမ်းနုရောင်ကောင်းကင်ပြင်ကို ငေးကြည့်မိ၏။ တောင်အဆင်းလမ်း ဖြစ်သည်မို့ ကားကိုဂရုတစိုက် မောင်းနေရသော်လည်း မျက်လုံးအကြည့်များတော့ ဘေးဘီဝဲယာမှာ တည်ရှိနေသည့် တောင်တွေဆီမှ မခွာ။ သူငယ်ငယ်တုန်းက ဘယ်အရာမှ မတည်မြဲဘူးလို့ ဘုရားဟောခဲ့တာကို ခေါင်းမာစွာနဲ့ တွေးခဲ့ဖူးတယ်။ ဒီတောင်ဒီတန်းတွေတော့ တည်မြဲပါတယ်ဆိုပြီး။ အခုတော့ သူ့ရဲ့ကလေးအတွေးဟာ စက်ယန္တယားတွေရဲ့ ဓားစာခံအဖြစ် အပိုင်းပိုင်းကွဲကြေသွားတဲ့ မြေစာမှုန်တွေလိုပဲ။ တကယ်ပါ လောကကြီးမှာ သူ အတည်မြဲဆုံးလို့ ထင်ခဲ့တဲ့ တောင်တန်းတွေတောင် မတည်မြဲခဲ့ပါဘူး။

အလှပဆုံးနဲ့ အအေးချမ်းဆုံး ဖြစ်ရမယ့် ဒီတောင်ဒီတန်းတွေဟာ သူ့မျက်လုံးထဲမှာတော့ ဒဏ်ရာအပြည့်နဲ့ အကူအညီတောင်းနေသလို။ ရောင်နေ ကားပြတင်းပေါက်ဘောင်ပေါ် တင်ထားသော လက်ကို အထဲပြန်သိမ်း၍ ကားမှန်တင်လိုက်၏။ တကယ်ဆို အများကြီးတွေးပူနေလို့လည်း ဘာမှမပြောင်းလဲသွားပါဘူး။

ရောင်နေ အမရပူရခြံကို ရောက်သည်နှင့် အိမ်ရဲ့ဘေးအရိပ်တစ်နေရာမှာ ကားကိုထိုးရပ်ခဲ့ပြီးနောက် တပြိုင်နက်ပဲ ကိုငယ့်အခန်းရှိရာဆီ တည့်မတ်စွာ တက်လာခဲ့သည်။ အောက်မှာတွေ့ခဲ့သည့် လူတွေကိုတောင်မှ နှုတ်မဆက်ခဲ့ရပေ။ ကိုငယ် ခရီးပြန်ရောက်ကတည်းက သူနဲ့အခုထိ မတွေ့ရသေးသဖြင့် ဘုန်းရောင်နေလင်း ကိုငယ်နှင့်တွေ့ဖို့ကိုသာ အလျင်လိုနေခဲ့သည်။ ပထမထပ်ကို ရောက်သည်နှင့် ဂစ်တာသံလွင်လွင်က သူ့နားထဲ တိုးဝင်ရောက်လာခဲ့ပြီး အနည်းငယ်ဟနေသော အခန်းတံခါးပေါက်ကို မြင်သည်နှင့် ဒါဘယ်ကလဲဟု အဖြေရှာနေစရာမလို။ သူ့ဘဝမှာ ဘာကိုမှ လျှို့ဝှက်စရာမလိုသလိုမျိုး ကိုငယ်သာလျှင် တံခါးပေါက်တွေကို အမြဲဖွင့်ထားတတ်သူ မဟုတ်လား။ အဲဒီထဲမှ စိတ်၏ပြတင်းပေါက်တွေတော့ မပါဝင်ချေ။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now