အချစ်နဲ့ စစ်

1.3K 38 19
                                    

အပိုင်း သုံးဆယ့်တစ်

အချစ်နဲ့ စစ်

မတရားတာ မရှိဘူးတဲ့။ တရားတာလည်း မရှိရပါဘူး။ ဤသို့ပြောတော့ အနိုင်ရသူတွေက ရီမှာပေါ့ကွယ်။ သူတို့ရီသံဟာ တရားမျှတမှုကို ဆောင်ကျဉ်းမပေးနိုင်ပါဘူး။

အချစ်နဲ့ စစ်မှာ ချစ်တတ်သူတို့သာ ရှင်လျက်နဲ့ ရှုံးနိမ့်ခဲ့ရတယ်။

................

မေမေ။

ဖျော့တော့သော မျက်နှာထက်မှ ကြည်လင်လှသော အပြုံးနှင့် လေချိုသွေးကာ စကားပြောတတ်သော မေမေ။ အရှက်အကြောက်ကြီးပြီး စည်းကမ်းရှိတဲ့ မေမေ။ ဘဝရဲ့သက်တမ်းတစ်ဝက်လောက်ကို ဒီမိသားစုနားမှာ မခွဲမခွာနေခဲ့ရတဲ့ မေမေ။ မေမေ့ကို လင်း ချစ်တာပေါ့။ ချစ်စရာဆိုလို့ မေမေနဲ့ ဖေဖေရယ်အပြင် ဒီအိမ်လေးမှာ ဘယ်သူရှိဦးမလဲ။ ကိစ္စအရပ်ရပ်ကလည်း ချစ်လို့ဖြစ်ခဲ့ရပြီး ချစ်လို့သာ ချမှတ်ထားတဲ့ စည်းကမ်းများလို့ ထင်ပါတယ်။ ရုတ်တရက်ကြီး သူ့ဘေးကလူတွေ မပြောမဆို ပျောက်ကွယ်ကုန်ရတာတော့ သိပ်မကျေနပ်လှပေမဲ့ မေမေမို့လို့ ခွင့်လွှတ်ရဦးမည်။ မေ့ပျောက်ပေးရဦးမည်။

"ကျွန်တော် ပဉ္ဇင်းခံမလို့ ခွင့်တောင်းချင်လို့ပါ မေမေ။"

ကြိမ်ကုလားထိုင်လေးပေါ်မှာ ထိုင်ပြီး ချည်ထိုးနေသည့် မေမေ့လက်တို့ တင်္ဒဂရပ်တန့်သွားရ၏။ ဘဲဥအဝိုင်းပုံစံ မျက်နှာအောက်မှ မေမေ့မျက်လုံးများက ထက်မြတ်ရှိန်လင်းခေါ် ကိုငယ်ကို စူးစမ်းချင်စိတ်ဖြင့် စိုက်ကြည့်လာခဲ့ရာ ကိုငယ်ကတော့ သူ့မေမေကို ကြင်ကြင်နာနာလေး ပြုံးပြလိုက်သည်။ မယုံကြည်သလို မျက်နှာထားဖြင့် မေမေက လှဲနေရာမှ မတ်မတ်ပြောင်းထိုင်ကာ ချည်လုံးလေးကို သူ့ခြင်းထဲ ပြန်ထည့်ပြီး သိမ်းလိုက်၏။

"ဘာဖြစ်လို့လဲ ကိုငယ်။"

လင်း မေမေ့လက်နုနုလေးကို ယုယုယယ ဆုပ်ကိုင်လိုက်ပြီး ခေါင်းလေးကို အသာငြိမ့်ကာ စောင်းငဲ့ကြည့်လိုက်သည်။

"ကျွန်တော်တို့ ပုထုဇဉ်တွေ ကျင်လည်ရတဲ့ လောကီရေးရာဟာ ပူလောင်လွန်းလှပါတယ်။ ကျွန်တော့်မှာ အခြေခံတရားလေးသာ မရှိထားရင် အဲဒီအပူတွေကို ရင်ဆိုင်ရတဲ့အခါ မဖြေသိမ့်နိုင်မှာ စိုးလို့ပါ။ ရင်မဆိုင်နိုင်မှာ စိုးလို့ပါ မေမေ။"

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now