မြောက်ဝန်ရိုးစွန်းကို အလည်သွားတဲ့နေ့

2.2K 235 15
                                    

အပိုင်း နှစ်ဆယ့်တစ်

မြောက်ဝန်ရိုးစွန်းကို အလည်သွားတဲ့နေ့

နေဟာ ပူပြင်းလာခဲ့လို့ မြောက်ဝန်ရိုစွန်းကိုသွား၊ အာတိတ်ရေခဲပြင်ကို အရည်ဖျော်ဖို့ ကြိုးစား အဲဒီအစား ကျွန်တော့်နှလုံးသားကို အရည်ပျော်စေခဲ့တယ်။

ပူလောင်မှုနဲ့ ထပ်ပြီးတစ်ခါ ပူလောင်မှုနဲ့။

သည်းမခံနိုင်တော့တဲ့အဆုံး၊ မမျှတတဲ့ ရာသီဥတုကို ရင်ခွင်ထဲပိုက်ထားပြီး အချစ်အကြောင်း ကျွန်တော်ဖြေရှင်းဖို့ မြောက်ဝန်ရိုးစွန်းကို အလည်သွားခဲ့ရတယ်။

..........

မိုးရေစွတ်ဖြန်းထားသည့် မြက်ခင်းပြင်မှာ ရေစက်ကလေးတွေတင်လို့ မြေသင်းနံ့ကလေး လှိုင်လှိုင်ထွက်လို့နေ၏။ ထို့အတူ အိမ်ရှေ့ခြံတံခါးဆီက အုတ်နံရံကို တွယ်ပြီးတက်နေသည့် ပန်းနွယ်တွေ တစ်ရုံကြီးဖြစ်နေသည်မှာလည်း မျက်စိအေးစေပြီး ကြည့်ကောင်းလှသည်။ သုခပြည့်လျှံ ပြင်ဦးလွင်မြို့ရဲ့တောင်ကုန်းပေါ်မှာ ဆောက်ထားသည့် တစ်ထပ်အိမ်ကလေးကို ခြံထဲမှာ လမ်းဆင်းလျှောက်နေရာမှ မော့ကြည့်လိုက်မိသည်။ တကယ်ပဲ လူပျိုကြီးလုပ်ဖို့ ကြံရွယ်ထားလေသလား။ လင်းက သူတစ်ယောက်စာအတွက် နားအေးပါးအေး နေစရာအိမ်ရယ်လို့ ရည်ညွှန်းပြီး ဆောက်ထားသည့် ခြံအကျယ်ကြီးထဲမှာ ဒန်းလေးတစ်ခုအပြင် ဘာမှမရှိ။ အိမ်ကလေးမှာလည်း မနက်ခင်းထိုင်ဖို့ အရှေ့အဖီအောက်က ကုလားထိုင်လေးတစ်လုံးရယ်၊ စားပွဲအသေးလေးတစ်လုံးရယ်အပြင် အိမ်ထဲမှာတော့ ဝင်ဝင်ချင်း ဧည့်ခန်းတစ်ခု၊ ထို့နောက် အိပ်ခန်းနှစ်ခန်းရယ်၊ ပြီးတော့ ဘာပစ္စည်းမှမရှိသည့် မီးဖိုဆောင်နဲ့ အနောက်ဘက်ပေါက်က ထွက်လိုက်ရင် ရေချိုးခန်းနှင့်အိမ်သာ။ ထိုအနောက်မှာတော့ ငှက်ပျောပင်တွေစိုက်ထား၏။

လင်းက ရန်ဖြစ်ထားသည်နှင့် ပတ်သတ်ပြီး သူ့အပေါ်ကို စိတ်ဆိုးမပြေသေးတာမို့ အိမ်ကိုခေါ်လာပြီးနောက် အလုပ်လုပ်ဦးမည်ဆိုကာ သူ့အခန်းထဲကို ဝင်သွားခဲ့သဖြင့် သုခပြည့်လျှံ ခြံထဲလမ်းဆင်းလျှောက်နေခဲ့ခြင်း ဖြစ်သည်။ မိုးရွာထားခါစမို့ ဖုန်သိပ်နေတဲ့ ပတ်ဝန်းကျင်ဟာ သိပ်ကိုလတ်ဆတ်ပါပေ့။ လေနုအေးနှင့် ရောပါလာတတ်သော မြေသင်းနံ့လေးကို သုခပြည့်လျှံ တစ်ဝကြီး ရှုရှိုက်လိုက်မိသည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now