အပိုင်း နှစ်ဆယ့်ခုနှစ်
ကျေအေးပေးခဲ့ရသော
ကလဲ့စားချေတယ်ဆိုတဲ့ စကားဟာ သမိုင်းအဆက်ဆက်မှာ ရန်ငြိုးတွေ ရှိခဲ့ကြောင်း အထောက်အထားတစ်ခုဖြစ်တယ်။ အဲဒီအထောက်အထားကိုပဲ ငါအခုခေါင်းပေါ်ရွတ်ထားတယ်။ ပြီးတော့ ကြေငြာတယ်။
အတိတ်ဟာ ဘာမှမဖြစ်ခဲ့သလိုပေါ့။ တစ်ချိန်မှာ ခွင့်လွှတ်အပြုံးတွေနဲ့ လက်ဆွဲနှုတ်ဆက်ရမှာကို ငါ စိုးရိမ်မိတယ်။
...............
"ကိုကြီး ခွင့်လွှတ်တတ်ဖို့ကောင်းပြီ။"
ကြားလိုက်ရသူ ဘုန်းရောင်နေလင်းအတွက်တော့ သံရေပူပူကို နားစည်ထဲသို့ လောင်းသွင်းချလိုက်သည့်နှယ်။ ငြိမ်းခါနီးမီးစက လေတိုး၍ ဟုန်းဟုန်းတောက်လာပြန်၏။ ဆူးချွန်နဲ့အထိုးခံရသလို ရင်နာလိုက်တာ။
"ဖေဖေ ခေါ်တာ အဲဒီအတွက်လား။"
ရောင်နေ ဖေဖေ့ကိုစိုက်ကြည့်လိုက်ရာ သေချာပါတယ် သူ့မျက်ဝန်းထဲက ပြတ်သားမှုနဲ့အညီ သူ့အသံကလည်း မာနေမည်ဆိုတာ။ ဒီခေါင်းစဉ်ဟာ သူမဆွေးနွေးချင်ဆုံး အကြောင်းအရာပေါ်မှာ အခြေခံထား၏။ သူ့ကိုအိမ်ခေါ်ပြီးနောက် ဖေဖေပြောလာသည့် ပထမဦးဆုံးစကားမှာ ခွင့်လွှတ်ဖို့ကောင်းပြီတဲ့။ ကြီးမားတဲ့ဆုံးရှုံးမှုကို မျက်ကွယ်ပြုပြီး သရော်လိုက်သယောင်။
သက်တောင့်သက်သာ စာဖတ်နိုင်ရန်အတွက် လှဲအိပ်နိုင်သော ကြိမ်ကုလားထိုင်တွင် ဦးထိန်လင်းက ဖတ်လက်စစာအုပ်ကို ရင်ခွင်ထဲ မှောက်ထား၏။ သားကြီးဖြစ်သူအား မော့ကြည့်လိုက်သောအခါ ရောင်နေအကြည့်၌ ပြတ်သားသော အရှိန်အဝါတစ်ခု လွှမ်းမိုးနေသည်ကိုတွေ့ရပြီး ရောင်နေက အမေတူသားလို့ ခဏခဏ လှမ်းတိုင်တတ်သည့် ဒေါ်ငယ်ကို ဦးထိန်လင်းအခုတော့ နားလည်သဘောပေါက်ပြီ ဖြစ်သည်။ သို့သော် ကံကြမ္မာတစ်ကျော့ ပြန်မလည်စေချင်ပါ။
"ကိုကြီးကို စောင့်ရှောက်ခဲ့တာ ဘယ်သူလဲ။"
"ကျွန်တော့်ကို မစောင့်ရှောက်ချင်ခဲ့တာကရော ဘယ်သူလဲ။"
ထိုအခါ ဖခင်တစ်ယောက်၏ မျက်ဝန်းထဲ၌ အံ့ဩမှုနှင့် မယုံကြည်နိုင်မှု စွန်းထင်းစွာဖြင့် အတန်ကြာတဲ့အထိ ခွန်းတုန့်မပြန်နိုင်ခဲ့။
YOU ARE READING
လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)
Poetryငါ့အချစ်က အတ္တတွေ မကင်းပေမဲ့ မင်းကြိုက်တဲ့ အဖြူရောင်ပါ။ -လင်း-